မိတ္ထီလာ ၂၂ ဖေဖော်ဝါရီ
` မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီ ၂၂ နံနက် ၁ဝ နာရီက မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့် နှင့် ကော်မတီဝင်ဒေါက်တာ စိုးမင်းတို့မှ ငလျင်ဆိုင်ရာအသိပညာပေးဟောပြောကြောင်း သိရသည်။
အဆိုပါ ငလျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ ဘဟန်က အမှာစကားပြောကြားပြီး ဘူမိဗေဒပါမောက္ခဌာနမှူး ဒေါက်တာဇော်မင်းသိန်းက ငလျင်ဆိုင်ရာ အသိပညာပေး ဟောပြောမည့် ငလျင်ပညာရှင်နှစ်ဦး၏ကိုယ်ရေးအကျဉ်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ငလျင်ကော်မတီဝင် ဒေါက်တာ စိုးမင်းက ငလျင်နှင့်ငလျင် ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာ ခေါင်းစဉ်၊ မြန်မာနိုင်ငံ ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌဒေါက်တာ မျိုးသန့်က ငလျင်များကိုခန့်မှန်းခြင်း နှင့် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ငလျင်ဆိုင်ရာများကို အသိပညာပေးဟောပြောသည်။ ဟောပြောပွဲသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။
အဆိုပါ မြေငလျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲမှ ငလျင်ပညာရှင်နှစ်ဦး၏ ဟောပြောချက်များအရ မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့်မြို့ကြီးများသည် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိပြီး၊ မိတ္ထီလာမြို့လည်း ၎င်းမြို့ကြီးများထဲတွင်ပါဝင်ကာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောသည် ပူတာအိုဒေသမှ ကပ္ပလီပင်လယ်အထိ ရှည်လျားသည့် ငလျင်ပြတ်ရွေ့ကြော ဖြစ်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


