မိတ္ထီလာ ၁၁ မတ် 

မိတ္ထီလာမြို့နယ် ရတနာမာရ်အောင်ရပ်ကွက်နယ်မြေ ရေကျော် ၂ ပေါက်အနီးရှိ မိတ္ထီလာ-သာစည် ကားလမ်းဘေး မှောင်ရိပ်အတွင်း၌ ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား မတ် ၁ဝ ည ၁၁ နာရီက တွေ့ရ၍ နယ်မြေလှည့်ကင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မရဲစခန်းမှ  ရဲအုပ်ဇော်လတ်မျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပေါက်ချောင်းရပ်ကွက် ရာအိမ်မှူးများပါဝင်သည့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်စဉ်  မိတ္ထီလာ-သာစည် ကားလမ်းဘေး မှောင်ရိပ်အတွင်း၌ ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား တွေ့ရှိခဲ့ပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းရာ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေနေ ကြည်လှိုင် (ခ) ကျားနက်၊ ငြိမ်းချမ်း၊ ဟာဆန် (ခ) ကျော်ဇင်လတ်၊ သာယာကုန်းရပ်နေ မိုးကျော် (ခ) မိုဟာမက်အလီ၊ အောင်အောင် (ခ) ဟာရွန်နှင့် သီရိမင်္ဂလာရပ်နေ ကုလားဆိုသူတို့ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ ပိုင်ဆိုင်မှု အထောက်အထား မတင်ပြနိုင်သော ဟွန်ဒါဝေ့စ်ဆိုင်ကယ်တစ်စီးအပါအဝင် ဆိုင်ကယ် ၃ စီး၊ ဆိုင်ကယ်သော့ ဖျက်ခိုးယူရာတွင် အသုံးပြုသော မာစတာကီး အသွား ၄ ခု၊ ဝက်အူလှည့် ၁ ခု၊ အရိုး ၃ လက်မ၊ အသွား ၅ လက်ခွဲခန့်၊ ဗျက် ၁ လက်မခန့်ရှိ သတ္ထုရိုးတပ် ဓားချွန် ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။  

ဖြစ်စဉ်အပေါ် ၎င်းတို့အား ပိုင်ဆိုင်မှုအထောက်အထား မတင်ပြနိုင်သော ဆိုင်ကယ်များနှင့်အတူ ဆိုင်ကယ် ခိုးယူရာတွင် အသုံးပြုသည့် မာစတာကီး ကိရိယာများဖြင့် မသင်္ကာဖွယ် ဖမ်းမိရခြင်းဖြစ်၍ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

ချမ်းသာ(ဝ၄၇)