နေပြည်တော် ၂၅ နိုဝင်ဘာ
ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက်တွင် မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၃ ပေခွဲခန့်ရှိ အစေးခြစ်ပြီး ဘိန်းခင်း ၁ ဒသမ ၃ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အလားတူ မိုင်းပန်မြို့နယ်၊ ကုန်းဆုံကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၆ ဧကခန့်အား လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာတို့၌ အမြင့် ၆ လက်မမှ ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၄ ဧကခန့်အားလည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၁၅ ဧကခန့်အားလည်းကောင်း၊ တွန်းဇံမြို့နယ် လုံတပ်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာတို့၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၇ ဧကခန့်နှင့် ဂဲလ်မွှာလ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတို့၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၈ ဒသမ ၃ ဧကခန့်အား လည်းကောင်း၊ ဖလမ်းမြို့နယ်၊ ဖိုင်ဆက်ကျေးရွာ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၇ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


