မိုင်းဆတ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ယောင်းခကျေးရွာ၌ ယမန်နေ့က မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းတို့က ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပဆောင်ရွက်သွားမည့် အခြေအနေများ၊ မဲဆန္ဒရှင်တစ်ဦး သိသင့်သိထိုက်သည့်အချက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေး ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ် မဲပေးစက်များ၏ တိကျမှု၊ လျင်မြန်မှုနှင့် မဲဆန္ဒရှင်စာရင်းများ တစ်နိုင်ငံလုံး ကပ်ထားကြေညာထားမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ ကျေးရွာသား ၁၁၇၃ ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာများကိုလေ့လာခဲ့ကြပြီး လက်တွေ့ စမ်းသပ် မဲပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


