ကျောက်မဲ ၂၂ ဖေဖော်ဝါရီ
ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ပုံးလုံကျေးရွာအုပ်စု၊ နမ့်မန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ၃ နာရီ အချိန်ခန့်က လူကြီး ၂ ဦး၊ ကလေးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့၍ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရရှိသူ ၃ ဦးတို့အား ကျောက်မဲမြို့နယ် တိုက်ပွဲရှောင် စောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံကြီး၌ တစ်ဦးလျင် ငွေကျပ် ၅ သောင်းစီ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ မိုင်းငေါ့မြို့၊ ပုံးလုံကျေးရွာအုပ်စု၊ နမ့်မန်းကျေးရွာနေ ဦးအိုက်စိုင်း (၅၃ နှစ်)၊ ဒေါ်သန်းအေး (၄၆ နှစ်)၊ဒေါ်သန်းအေး၏ သမီး နန်းခမ်းလင်း (၈ နှစ်) တို့ ၃ ဦးသည် ဦးအိုက်စိုင်း၏ လက်ဖက်ခြံမှလက်ဖက်ခူးပြီး ပြန်လာစဉ် လက်နက်ကြီးပစ်သံများကြားရသဖြင့် ရွာသို့ပြေးလာရာ ရွာထိပ်အရှေ့ဘက်အရောက် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဦးအိုက်စိုင်းတွင် ယာဘက်ခါး ယမ်းစထိမှန် ဒဏ်ရာ၊ ယာလက်မောင်း ယမ်းစထိမှန် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်သန်းအေးတွင် ခါးအရိုးယမ်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ မနန်းခမ်းလင်းတွင် ယာဘက်ပခုံး ယမ်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိသဖြင့် နမ့်မန်းကျေးရွာမှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်၍ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ကျောက်မဲခရိုင် ပြန်/ဆက်မှ သိရသည်။
MDN


