မိုင်းပန် ၁၄ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာ"ငွေသောင်ယံဦး" ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါခန်းမနေရာ၌ ကျင်းပပြုလုပ်ရာ ခန်းမဆောင်အား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ဝိုးလိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမိုင်းမြင့်နိုင်ထွန်းက VDP ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာတာဝန်ခံ ဦးမောင်ဇော်က ခန်းမဆောင်အား မိမိတို့၏သားစဉ်မြေးဆက် ရေရှည်တည်တံ့အောင် လက်ဆင့်ကမ်း ထိန်းသိမ်းပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါခန်းမဆောင် အဆောက်အဦမှာ အလျား ၅၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၂ ပေ ရှိပြီး မိုင်းပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီတို့ ပူးပေါင်းကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူများမှ လုပ်အားထည့်ဝင်ငွေ ၄ ဒသမ ၅ သန်း စုစုပေါင်း ၁၄ ဒသမ ၅ သန်းတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ)


