မိုးညှင်း ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဒေသခံပြည်သူများ ဆီစားသုံးမှု ဖူလုံလာစေရေးအတွက် တစ်ဧက ဆီအထွက်နှုန်းမြင့်မားသော နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဒီဇင်ဘာ (၁၅)ရက်အထိ လယ်သီးထပ် ဆောင်းနေကြာသီးနှံဧက ၁၈၄၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် အဓိကစိုက်ပျိုးသော မြေပဲနှင့် နှမ်းသီးနှံတို့ကို ပြည်တွင်း၌ ဆီကြိတ်ခြင်းထက် ပြည်ပသို့ အစေ့အဆန်အဖြစ် တင်ပို့မှု ပိုမိုများပြားလာနေခြင်းကြောင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ စားအုန်းဆီ တင်သွင်းမှုလျော့ကျ လာစေရန်၊ နေကြာဆီစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်လာစေရန်နှင့် တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပေါများလာပြီး ဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး ဆောင်းနေကြာသီးနှံ တစ်ဧကဆီအထွက်နှုန်း မြင့်မာစေရေးအတွက် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ လယ်သီးထပ် ဆောင်းနေကြာသီးနှံ စိုက်ပျိုးရန်လျာထားသည့်ဧကမှာ (၅၆၂၆)ဧကဖြစ်ပြီး ဒီဇင်ဘာ (၁၅)ရက်အထိ စိုက်ဧက (၁၈၄၀)စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် မိုးညှင်းမြို့နယ်တွင် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဓါတ်မြေဩဇာနှင့် ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့များကို တောင်သူများအလွယ်တကူ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စိုက်ပျိုးကြီးကြပ်မှုကော်မတီမှ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဓါတ်မြေဩဇာနှင့် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များကို စျေးနှုန်းချိုသာစွာဖြင့် ရရှိစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း


