မိုးညှင်း ၅ နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ် "စိုးသူ" ကားဝပ်ရှော့အနီးတွင် ကျောင်းသားတစ်ဦးအား ဆရာမ အယောင်ဆောင်သူတစ်ဦးက ကားပေါ်သို့ အဓမ္မ ဆွဲတင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် မွန်းလွဲ ၁ နာရီခန့်တွင် မိုးညှင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက်နေ အဋ္ဌမတန်းကျောင်းသားတစ်ဉီးသည် နေအိမ်မှကျောင်းသို့လာစဉ် မိုးညှင်းမြို့၊ "စိုးသူ" ကားဝပ်ရှော့အနီးအရောက်တွင် ဟွန်ဒါဖစ် အဖြူရောင်ယာဉ်သည် ၎င်းရှေ့တွင်ရပ်ပြီး အဆိုပါ ယာဉ်ပေါ်မှ ကျောင်းဆရာမဝတ်စုံ ဝတ်ဆင်ထားသောအသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးက "ဆရာမကိုကူညီပါဦး" ဟုဆိုကာ ၎င်း၏လက်မောင်းအား ဆွဲပြီး ပါးစပ်အား ပိတ်ထားသဖြင့်  အော်ဟစ် အကူညီတောင်ခံခဲ့ကြောင်း၊  ပတ်ဝန်းကျင်မှအမျိုးသားတစ်ဦးက လာရောက် ကူညီမည်ပြုစဉ် ဆရာမအဖြစ် ဟန်ဆောင်သူအမျိုးသမီးက "ကလေးဆိုးလို့ထိန်းနေတာ" ဟု ပြောဆိုကြောင်း၊ ထိုကျောင်းသားမှ လက်ခါပြသဖြင့် ကူညီရန်ရောက်လာသူက "ဆရာမ ဘယ်ကျောင်းကလဲ"ဟု မေးမြန်းခဲ့ကြောင်း၊ ဆရာမဆိုသူမှာ မည်သို့မျှပြန်မပြောဘဲ ကားအား မိုးညှင်းမြို့အတွင်းသို့ အမျိုးသားယာဉ်မောင်းနှင့်အတူ ထွက်ပြေးမောင်းနှင်သွားကြောင်း စစ်ဆေးသိရှိရသဖြင့် အဆိုပါ ယာဉ်မောင်းနှင့် ဆရာမအဖြစ် ဟန်ဆောင်သူအား ဖမ်းမိရေး ဒုရဲအုပ် သူရိန်ဦးနှင့်အဖွဲ့မှ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လူအောင်(ကသာ)