မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၄

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် EXPRESS ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၂,၄၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)၊ ကွတ်ခိုင်-လားရှိုးသွား ကားလမ်းတွင် အိုက်ဆိုင်မောင်းနှင်ပြီး မအေအို လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကားဂိတ်တွင် မသန်းသန်းဌေး၊ မမာရွှေ၊ သီဟနှင့် ချစ်မင်းသူတို့ကို စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ကီလို ၃၀ ၊ ဘိန်းစိမ်း ၁၆ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် မိတ္ထီလာမြို့၊ ပေါက်ချောင်း(တိုးချဲ့)ရပ်ကွက်၊ နယ်မြေ(၁၃)ရှိနေအိမ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ မသန်းသန်းအေးကို ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)