နေပြည်တော် ၂၇  အောက်တိုဘာ

           

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီခွဲက မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီး၊ မော်ဟန်-နမ္မချီမှော်သွား ကားလမ်းတွင် မောင်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ဝ၁၁ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာတွင် ငှားရမ်းနေထိုင်သည့် အိုက်ဆန် ၏နေအိမ်ခန်းကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ဝ  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကောင်ဆန်ကျေးရွာနေ အားရွှေ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀ဝ ကို လည်းကောင်း၊

           

အလားတူ ယင်းနေ့ ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ကမ်းမီးစပ်တံငါတဲစုနေ ဌေးငယ်(ခ) ရှင်ငယ်၏နေအိမ်တဲကိုရှာဖွေရာ ဘိန်းစာမှုန့် ၁၄ ဒသမ ဝ၇ ကီလို ကိုလည်းကောင်း၊ ထို့အတူ ည ၇ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၂ လမ်းနှင့်စက်မှု ပန်းခြံလမ်းဆုံအနီးတွင် တွေ့ရှိသူ ညီညီအောင်(ခ)မျက်မှန် အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ ထို့အတူ ညနေ ၆ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နားလွယ်ကျေးရွာအနီး၊ ဘန်းယဉ်-ကက္ကူသွားကားလမ်းတွင် မြတ်ကို မောင်းနှင်ပြီး သက်ဝေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊

           

အလားတူ အောက်တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာ၊ မူဆယ်-လားရှိုးသွားကားလမ်း၊ ဆင်ရူပါ စက်သုံးဆီအရောင်းဆိုင်အနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် CANTER အမျိုးအစား ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ ငွေကျပ် ၁၄၅၁ ဒသမ ၂၅ သိန်း တန်ဖိုးရှိ တော်လူအင်း ၃,၆၀ဝ လီတာ၊ 1 Phenyl 2 Propanone ၃၀ဝ လီတာ၊ ကဖင်း ၉၇၅ ကီလိုနှင့် ကလေးဒိုင်ဘာကပ်ခွာ ၄၄ ခုစီပါ အထုပ်ကြီး ၆ ထုပ်စီထည့်ထားသည့် စက္ကူဖာ ၇၇ ဖာ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)