နေပြည်တော် ၂၇ နိုဝင်ဘာ
တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် တောင်ငူမြို့နယ်၊ ဇီးဒိုင်းကျေးရွာအုပ်စု၊ ဇီးဒိုင်းကျေးရွာရှိ ကာရာအိုကေဆိုင်၊ အခန်းအမှတ်(A-6)ကို ရှာဖွေရာ မောင်မြင့်နှင့် အောင်မင်းထိုက်တို့အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၂၀၊ မြန်မာငွေကျပ် ၁၀,၆၀၀၊ ဓားမြှောင်တစ်ချောင်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက်ပိုင်းက ကျိုင်းလပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ တည်းခိုခန်းတွင် မသင်္ကာဖွယ် အမျိုးသား(၂)ဦး လာရောက်တည်းခိုနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှာဖွေရာ ၎င်းတို့(၂)ဦးမှာ မော်တော်ဆိုင်ကယ်အားထားကာ ထွက်ပြေးသွားခဲ့၍ ဆိုင်ကယ်အားဆက်လက်ရှာဖွေရာ တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၆၀၀ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ နံနက် ၁၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကက်ထိုက်ကျေးရွာအုပ်စု၊ ကုန်းမကျေးရွာနေ အိုက်ရီ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကိုလည်းကောင်း။
အလားတူ ထိုနေ့ညပိုင်းက မူးယစ်တပ်ဖွဲ့စု (၅၈)မိုးမိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျောက်မောရဲကင်းအနီးတွင် အောင်ကျော်ကျော် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


