နေပြည်တော် ၂၈ နိုဝင်ဘာ
မူးယစ်တပ်ဖွဲ့စု(၁၀၁) နေပြည်တော်နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ(၁)နေပြည်တော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲက လယ်ဝေးမြို့နယ်၊ သာဝတ္ထိ-ပျဉ်းမနား မြို့ရှောင်လမ်းနှင့် နေပြည်တော်လေဆိပ်လမ်းဆုံတွင် ရဲမြင့်(ခ)မိုဟာမက် မောင်းနှင်လာသည့် NISSAN အမျိုးအစား(၁၂)ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ငွေကျပ်သိန်း ၇,၄၂၅ တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ်အက်ဆစ် ၉,၉၀ဝ လီတာ သိမ်းဆည်းရမိခဲ့သည်။
ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊စင်းဟောက်ကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းတွင် ဖြိုးနောင်(ခ) ဖြိုးဝေနောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၉၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ အဆိုပါ ပူးပေါင်းအဖွဲ့သည် စင်းဟောက်ကျေးရွာအနီး ဒေသအခေါ် ခိုင်တောင်ကွေ့၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်းတွင် ဖြိုးဝေအောင် မောင်းနှင်ပြီး မထုရင်(ခ)တိန်ဖန်ထု လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၅၀၅ ပြားနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက်ပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနမ့်ကျေးရွာအနီး ဒေသအခေါ် ဟိုးပုံးရေထွက် နတ်စင်ရှေ့၊ ဟိုပုံး-လွိုင်လင်သွားကားလမ်းတွင် မောင်တိုး(ခ)ဖိုးတိုး မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၃ ဒသမ ၉ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူ ထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


