မကွေး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ဆေးရုံ ကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Overcoming disruption, transforming the AIDS response” “AIDS ရောဂါတိုက်ဖျက်ဖို့ အခက်အခဲများကို ဖြေရှင်းလို့ အတူပူးပေါင်းဆောင်ရွက်စို့” ဆိုသည့်အတိုင်း HIV ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်း သာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ HIV ပိုးရှိသူများအပါအဝင် မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးလက်တွဲပြီး HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခက် အခဲများကိုလည်း အားလုံးလက်တွဲ ပူးပေါင်းဖြေရှင်းပြီး ရရှိနိုင်သည့် အရင်းအမြစ်များဖြင့် လုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး HIV/AIDS ရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်းပြသထားသည့် HIV/AIDS ရောဂါ ကာကွယ်ရေးသုံးကျန်းမာရေးပစ္စည်းများ၊ ကုသရေး သုံးဆေးဝါးများနှင့် အသိပညာပေး စာစောင်များ၊ ဆုရပန်းချီ၊ ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


