မင်းဘူး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာ ကံသာယာဓမ္မာရုံ၌ ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံကုလားကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တွေ့ဆုံပွဲ တက်ရောက်လာသူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်သရုပ်ပြဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ကံသစ်၊ ကုလားပါး၊ ကံကုလား၊ ကျောက်ဆစ်ပုံ၊ ကျောက်စံ၊ မန်းကောက်ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တောင်သူများ၏ ဒေသအခက်အခဲတင်ပြမှုများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ကံကုလားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)


