မိတ္ထီလာ ၂၅ စက်တင်ဘာ
မလှိုင်မြို့နယ် သပြေပင်ကျေးရွာအနီး ရေကျော်ချောင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က ခရီးသည်တင် မှန်လုံယာဉ်မှာ မျက်နှာချင်းဆိုင် လာသောယာဉ်အား ရှောင်တိမ်းရာမှ ကားဘီးချော်၍ တိမ်းမှောက်မှုဖြစ်ပွားရာ ခရီးသည် (၁၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ပခုက္ကူမြို့သို့ ယာဉ်မောင်း ဦးထွန်းဇော် ၊ ပဲခူးမြို့နေသူ မောင်းနှင်လာသော ဝေဖြိုးအောင် ခရီးသည်တင် မှန်လုံယာဉ် ယာဉ်အမှတ် 6G/………... King Long Bus အမျိုးအစား အစိမ်းရောင်ယာဉ်သည် မိတ္ထီလာ-မလှိုင်သွားကားလမ်း မိုင်တိုင်အမှတ် (၁၀/၇)နှင့် (၁၁/ဝ)ကြား မလှိုင်မြို့နယ် သပြေပင်ကျေးရွာအနီး ရေကျော်ချောင်းတွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ယာဉ်အား ရှောင်တိမ်းရာမှ လမ်းညာဘက်ခြမ်းသို့ ဘီးချော်ကျပြီး တိမ်းမှောက်လဲကျ၍ ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ယာဉ်နောက်လိုက်အပါအဝင် အမျိုးသား(၃၁)ဦး၊အမျိုးသမီး(၁၄)ဦး၊ စုစုပေါင်း (၄၅)ဦး အနက် အမျိုးသား (၇)ဦး၊အမျိုးသမီး(၆)ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရန် တင်ပို့ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးထွန်းဇော်ဦးအား မလှိုင်မြို့ မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


