ငဖဲ ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီး မင်းဘူး- အမ်းကားလမ်း ပေါလုကွေ့တွင် ဆန်အိတ်များ တင်ဆောင် လာသည့် ကုန်တင်ယာဉ်တစ်စီး နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၃၀ အချိန်ခန့်က တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ကြောင်း ငဖဲမြို့နယ် ၊ ပဒါန်းနယ်မြေရဲစခန်း မှ သိရသည်။
မင်းဘူး-အမ်း-စစ်တွေကားလမ်း မိုင်တိုင်အမှတ်(၅၂/၃)အနီး၊ပေါလုကွေ့တွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက် ခြမ်းရှိ ချောက်ထဲသို့ ဆန်တင်(၆)ဘီးယာဉ် ထိုးကျတိမ်မှောက်ခဲ့ပြီး ယာဉ်မောင်း၊ ဦးငွေနိုင်(၄၅)နှစ်၊ (၃)ရပ်ကွက်၊မင်းရဲကျော်စွာ လမ်း၊မှော်ဘီမြို့နယ်နေသူ နှင့် ယာဉ်နောက်လိုက်၊ ကိုဇော်မင်းထွေး(ခ)နိုင်ဝင်း၊ (၂၅)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူတို့ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း ပဒါန်းနယ်မြေရဲစခန်း မှ သိရသည်။
ယာဉ်တိမ်းမှောက်သည့် နေရာသို့ ရဲတပ်ဖွဲ့ ၊ ဂုတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းထွန်း နှင့် တာဝန်ရှိသူများ ၊ ရိုးမမေတ္တာနာရေးကူညီမှုအသင်းတို့မှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျတု(မကွေး)


