ရန်ကုန် ၂၄ နိုဝင်ဘာ
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မီးရထားရပ်ကွက် သိမ်ဖြူခုံးတံတားအောက် ရထားသံလမ်းဘေးတွင် ဩဂုတ် ၂၁ ရက် နံနက် ၇ နာရီခွဲခန့် က ကလေးအလောင်းတစ်လောင်းအား အိတ်ဖြင့် ထည့်လျက် စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ သိမ်ဖြူခုံးတံတားအောက် ပုဇွန်တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီးအကြား ရထားသံလမ်း မိုင်တိုင် (၀၁-၀၂) အမှတ်(၁) ရထားသံလမ်း ဘေးနှင့် တံတားအောက်ခြေ အုတ်ပေါင်ကြားတွင် အသက်ရှစ်နှစ် ခန့်ရှိ မိန်းကလေးအလောင်းအား အိတ်နှင့် ထုပ်ပိုးလျက် ဒဏ်ရာများဖြင့် အဝတ်အစားများမပါဘဲ သေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။ သေဆုံး သူမှာ မ------ ဖြစ်ကာ ဖခင် ဖြစ်သူနှင့်အတူ အောင်ဆန်း အားကစားကွင်းအနီးတွင် နေထိုင်သူ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ မ----- အား သေဆုံးအောင်ပြုလုပ်သူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တာဝန်မှူး ဒုရဲအုပ် ထွန်းထွန်းဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက အမှုဖွင့် အရေးယူခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ၊ အရှေ့ ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုနှင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာ အခင်းဖြစ် နေ့မှစ၍ ပျောက်နေကြောင်း စုံစမ်းသိရှိရသဖြင့် အခြား တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ၎င်းကို မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ကျိုက္ခမီ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် ကျားဆိပ် မြောက် (၁)လမ်းအတွင်း ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော် အား စစ်ဆေးခဲ့ရာ ၎င်းသည် ဩဂုတ် ၁၉ ရက် ည ၁၁ နာရီခွဲ ခန့်က အောင်ဆန်းအားကစားကွင်း၊ “ရွှေ” ကားဂိတ်ရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် ဖခင်ဖြစ်သူနှင့်အတူ အိပ်နေသည့် သေဆုံးသူ မ------ အား ပွေ့ချီကာ သိမ်ဖြူခုံးတံတား အောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ) ရှမ်းလေးနှင့်အတူ သားမယားအဖြစ် ပြုကျင့်စဉ် မ------ က အော်ဟစ်နေသဖြင့် ထိုးကြိတ်ထုရိုက်ကာ သားမယား အဖြစ် ဆက်လက်ပြုကျင့် ပြီးနောက် ဆာလာအိတ်အတွင်း ထည့်၍ သံလမ်းအနီးတွင် ချထားခဲ့ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ထွန်းထွန်းဦး (ခ) ရှမ်းလေး ကို လိုက်လံဖမ်းဆီးခဲ့ရာ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်း ခုံးတံတားအောက်တွင် ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ စိုင်းဖုန်းကျော် နှင့် ထွန်းထွန်းဦး (ခ)ရှမ်းလေး တို့ နှစ်ဦးအား(ဝဲပုံ) ဥပဒေနှင့် အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲပြန်ကြား


