မှန်ကန်ကောင်းမွန်သောစိတ်ဓာတ်မွေးမြူ

သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်၊ မတရားသဖြင့်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ပြုကျင့်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊    မူးယစ်ဆေးဝါး သုံးစွဲခြင်းစသည်တို့သည်  တရားဥပဒေကို ချိုးဖောက်သော  ဒုစရိုက်အမှုများဖြစ်သည်။  ဒုစရိုက်မှုများသည်  နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသည်။

ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား အချင်းချင်း ခင်မင်ချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ဝပြောရေးတို့ကို အလိုရှိကြသော ပြည်သူ အပေါင်းတို့သည် မင်းမဲ့စရိုက်ဖြစ် သည့် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းကြရပေမည်။ ဒုရိုက်မှုများကို အကောင်းဆုံး ကာကွယ်တားဆီးသည့်နည်းများတွင် မျိုးဆက်သစ်လူငယ်လူရွယ်များအား မှန်ကန်သည့် အသိအမြင်အတွေး အခေါ်များ မျှဝေပေးရန်နှင့် ကောင်းမြတ်သောဗဟုသုတများ ရရှိလာအောင် လုပ်ဆောင်ပေးခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ အဖွဲ့ဝင်များအားတွေ့ဆုံစဉ် “အသင်းကြီးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ခွန်အားကို တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊   လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံစိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊   နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင်  ထားရှိသည့်စိတ်ဓာတ်များ  ကောင်းမွန်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့  ရောက်ရှိစေရေး  ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

လက်ရှိကာလတွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့်  အကြမ်းဖက်မှုဖြစ်စဉ်များတွင်  ပါဝင်နေကြသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်နေရသည်။ မသမာသူ အဖျက်သမားများ၏ အစဉ်အဆက်သွေးထိုးလှုံ့ဆော်ပေးမှုများကြောင့် ပြည်သူများကြားတွင် မဟုတ် မမှန်သတင်းများ၊ ကောလာဟလသတင်းများ ပျံ့နှံ့လျက်ရှိပြီး အထူးသဖြင့် လူငယ်လူရွယ်များအား လမ်းမှားပေါ်သို့ရောက်ရှိအောင် တွန်းပို့ပေးနေကြသည်ကို တွေ့မြင် ကြားသိနေရသည်။

နိုင်ငံ၏အဖိုးတန် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှပြီး မိမိဘဝတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရင်း အနာဂတ်နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းလွှဲပြောင်း တာဝန်ယူကြရမည့်သူများဖြစ်သည်။ သို့သော် လူငယ်လူရွယ်များအနေဖြင့်  နိုင်ငံတော်တည်ဆောက်ရေးတွင်  ပါဝင်မှုမရှိဘဲ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေကြသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေကြသည်မှာ နိုင်ငံ့အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်သည်။ အဆိုပါ လူငယ်လူရွယ်များ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးပြီး ထိရောက်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်များအနက် လူမှုရေးဦးတည်ချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်  ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး ချမှတ်ထားသည်။ နိုင်ငံသူ နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်  မွေးမြူနိုင်ရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေး ကြရန်လိုအပ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းများရှိရမည် ဖြစ်သည်။

လက်ရှိအချိန်တွင် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်နေသူများ၊ ပြည်ဖျက် မီဒီယာများအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်းမရှိဘဲ တိုင်းပြည်ကို ပျက်စီးသည်ထက်ပျက်စီးအောင် ဆောင်ရွက်နေသည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးကို တူညီသည့်အခွင့်အရေးများ ပေးအပ်ထားပြီးဖြစ်သည်။ သို့သော် မသမာသူများက နိုင်ငံရေးကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးကို တလွဲအသုံးချပြီး ကိုယ်ကျိုးစီးပွား၊ လူတစ်စုအကျိုး အတွက် အမြတ်ထုတ်နေသော မသမာသူများလက်ချက်ကြောင့် ရိုးသားဖြူစင်သည့် လူငယ်လူရွယ်များ လမ်းမှားပေါ်သို့ ရောက်ရှိ နေကြသည်ဖြစ်ရာ လူငယ်လူရွယ်များ လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရေးနှင့် မိမိအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုး ထမ်းဆောင်လိုသည့် ကောင်းမွန်သော နိုင်ငံသားကောင်းစိတ်ဓာတ်များ တိုးပွားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။

ကြေးမုံ