ရန်ကုန်  စက်တင်ဘာ  ၁၅

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်  (၂၀) ဒုတိယနေ့ကို စက်တင်ဘာ    ၁၅   ရက်က ဆက်လက်ကျင်းပရာ   Falcon အသင်းနှင့် Dagon Port   အသင်း အနိုင်ရပြီး     ရှမ်းယူနိုက်တက်အသင်းနှင့်  အား/ကာသိပ္ပံအသင်းတို့ သရေကျခဲ့သည်။

YUSC ကွင်း၌  ကျင်းပသည့် ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။   

ယခုပွဲသရေရလဒ်မှာ နှစ်သင်းစလုံးအတွက် နစ်နာခဲ့ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ထိပ်ဆုံးမှ ဒဂုံစတားအသင်းထက် တစ်ပွဲပို ငါးမှတ်ကွာဟသွားသလို ဒုတိယနေရာမှ  အား/ကာသိပ္ပံအသင်းမှာလည်း ချန်ပီယံဆုအတွက်   ရုန်းကန်ရတော့မည်ဖြစ်သည်။ ၃၅ မိနစ်တွင် ခွန်မြင့်ဆွေက ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပြီး အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးကို ၇၉ မိနစ်တွင် စောအောင်မျိုးဦးက သွင်းယူခဲ့သည်။

သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့် ပွဲတွင် Falcon (ခ) မြန်မာ ယူ-၁၆ လူငယ် လက်ရွေးစင်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို   တစ်ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရခဲ့သည်။ တတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းသည် ဇယားထိပ်ပိုင်းမှအသင်းများကို ဖိအားပေးရန် ကြိုးစားရင်း ထပ်မံခြေချော်ခဲ့သည်။ ဒုတိယအကျော့တွင် ပုံစံကောင်းရနေသည့် Falcon အသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပြီး ၆၈ မိနစ်တွင် စိုင်းမြတ်မင်းက အနိုင်ဂိုးသွင်းယူသည်။ ဗဟန်းမြက်ခင်းတု ကွင်း၌   ကျင်းပသည့်ပွဲတွင် Dagon Port အသင်းက   ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Dagon Port အသင်းသည် ရာသီပိတ်ခါနီးတွင် နိုင်ပွဲများရယူနေပြီး ၁၉၊ ၄၇ မိနစ်တွင် သိန်းသန်းစိုးက ဂိုးများသွင်းယူခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုး တစ်ဂိုးကို ၄၁ မိနစ်တွင် နိုင်လင်းထွဋ်က သွင်းယူခဲ့သည်။

ပွဲစဉ်(၂၀) တတိယနေ့ကို စက်တင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သန်လျင်သီဟ ဒီပကွင်း၌ ဟံသာဝတီယူနိုက် တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ Junior Lions အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့    ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL