ရန်ကုန် အောက်တိုဘာ ၃၀

 

ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီး ကလေးအထူးကုဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဖူးဝေဆေးရုံ Chinese Academy of Medical Science တို့ပူးပေါင်းပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အဖြစ် နှစ်နိုင်ငံ နှလုံးရောဂါကုဆရာဝန်များက မွေးရာပါ နှလုံးရောဂါလူနာ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့က ရန်ကင်းကလေးဆေးရုံကြီး၌ ဆောင်ရွက်သည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နှစ်နိုင်ငံ နှလုံးရောဂါ ကုဆရာဝန်များက ဆေးရုံသို့ လာရောက်ဆေးကုသသည့် မွေးရာပါနှလုံးရောဂါလူနာ ကလေးငယ် ၂၈ ဦးအား ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် ကလေးလူနာများကို ယူနန်ပြည်နယ်ရှိ ဖူးဝေဆေးရုံသို့ အခမဲ့ ခေါ်ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နှစ်နိုင်ငံချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အဖြစ် ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနမှ ထောက်ပံ့လှူဒါန်းပြီး Kunming Yundi Behavior and Health Research Center(China)နှင့် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် အောက်တိုဘာ ၂၅ ရက်ကလည်း ရန်ကင်းကလေး ဆေးရုံကြီး၌ ဆေးကုသနေသည့် အသက်ခြောက်လမှ ကိုးနှစ်အရွယ် မွေးရာပါ နှလုံးရောဂါ လူနာကလေးငယ် တစ်ဦးချင်းစီအတွက် သုံးလစာ အာဟာရ ဖြည့်စွက်စာများကို လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ - ကနူး