သတင်းဆောင်းပါး - ဇော်ဇော် (တရားလွှတ်တော်ရှေ့နေ)
အမျိုးသမီးများ၏ အခွင့်အရေးကို တိကျစွာ အကာအကွယ်ပေးရန်အတွက် Convention on the Elimination of Discrimination Against Women-CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းစာချုပ်ကို ၁၈-၁၂-၁၉၇၉ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက လက်မှတ်ရေးထိုး အတည်ပြုခဲ့ရာ မြန်မာနိုင်ငံသည်လည်း ၂-၇-၁၉၉၇ ရက်တွင် စာချုပ်၌ ပါဝင်သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။
အမျိုးသမီးများအား ခွဲခြားမှုဟူသော အဓိပ္ပာယ်ကို ယင်းတို့၏ အိမ်ထောင်ရေးအခြေအနေ မည်သို့ပင် ရှိစေကာမူ အမျိုးသားနှင့် အမျိုးသမီးတန်းတူညီမျှ ရှိမှုအပေါ် အခြေခံ၍ လူ့အခွင့်အရေးများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာ (သို့မဟုတ်) အခြားနယ်ပယ်တို့တွင်အမျိုးသမီးများအား အသိအမှတ်ပြုခြင်း အမျိုးသမီးများ၏ ခံစားခွင့် (သို့မဟုတ်) ကျင့်သုံးပိုင်ခွင့်ရှိခြင်းတို့ကို လိင်အပေါ် အခြေခံ၍ ယိုယွင်းစေရန် (သို့မဟုတ်) ပျက်သုဉ်းစေရန် ရည်ရွယ်ချက်ရှိသည့် မည်သည့်ခွဲခြားခြင်း၊ တားဆီး ပိတ်ပင်ခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းကိုမဆို ဆိုလိုကြောင်း ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်တွင်ဖော်ပြပါရှိသလို နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသည့် ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့အကျိုးနှင့် ငြိမ်းချမ်းစေသည့် အကြောင်းတရားတို့တွင် ကဏ္ဍအသီးသီး၌ အမျိုးသားများနှင့် တန်းတူရှိစေသော အမျိုးသမီးများ၏အမြင့်မားဆုံးသော ပါဝင်ဆောင်ရွက်မှုရှိရန် လိုအပ် ကြောင်းကို ယုံကြည်ကြောင်းလည်း ပါရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိ စေရန်နှင့် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည်ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုးဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာ တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟုလည်းကောင်း၊ ပုဒ်မ ၃၅ဝ တွင်အမျိုးသမီးများသည် တူညီသေအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေး လစာတို့ကို ခံစားခွင့်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၃၅၁ တွင် မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး များသည်ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစားခွင့် ရှိစေရမည်ဟု လည်းကောင်း။
ခွဲခြားမှုမပြုရ
ပုဒ်မ ၃၅၂ တွင် နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံဝန်ထမ်း ရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန် သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများ ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရဟုလည်းကောင်း၊ ပုဒ်မ ၃၆၈ တွင် နိုင်ငံတော်သည် ပညာရည် ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည်။
လူကုန်ကူးမှုများကို တားဆီးကာကွယ်ရာတွင် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ် များအတွက် အလေးဂရုပြု၍ ကာကွယ်စောင့်ရှောက်ရန်ဟု မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်တွင် ပါရှိပါသည်။ မြန်မာ တရုတ်၊ ထိုင်း ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား အိန္ဒိယ၊ လာအို နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် လူကုန်ကူးမှုဖြစ်ရပ်များတွင် အကျုံးဝင်သောနိုင်ငံများ ဖြစ်ကြပြီး မြန်မာအပါအဝင် မဲခေါင်ဒေသဘက်နိုင်ငံတို့၌ နှစ်စဉ်အမျိုးသမီးနှင့် ကလေးသုံးသိန်းခန့် လူကုန် ကူးခံနေရပြီး အရှေ့တောင်အာရှနိုင်ငံများ၏ လူကုန်ကူးမှုဖြစ်နှုန်းသည် အာရှတိုက်တစ်ခုလုံး၏ ၅၄ ရာခိုင်နှုန်း အထိ ဖြစ်ပွားနေပါသည်။ တရုတ်နှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှုများတွင် အဓိကအားဖြင့် အဓမ္မပြည့်တန်ဆာပြုခံရမှုမှာ အဓိက ဖြစ်ပြီး အဓမ္မထိမ်းမြားမှု၊ လုပ်အားခေါင်းပုံဖြတ်မှုနှင့် အဓမ္မသူတောင်းစား ပြုခံရမှုတို့လည်း ပါဝင်ပါသည်။
မြန်မာနိုင်ငံ၏ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ တွင် မည်သူမဆို မိန်းမတစ်ဦး၏ ကာယိန္ဒြေကိုပျက်စီးစေရန် အကြံဖြင့် သော်လည်းကောင်း၊ ကာယိန္ဒြေပျက်စီးတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျှင်(သို့မဟုတ်) ရာဇဝတ်မကင်းသော အနိုင်အထက်အမှုကိုပြုလျှင် ထိုသူအား (၂)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၆၁ တွင် မည်သူမဆိုဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှအသက်(၁၈)နှစ်အောက် မိန်းကလေးကိုထိုအုပ်ထိန်း သူသဘောမတူဘဲဆောင်ယူလျှင် (သို့မဟုတ်) ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေ လျှင် အရွယ်မရောက်သေးသူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည်မည်၏ဟု လည်းကောင်း၊ ပုဒ်မ၃၆၃ တွင် မည်သူမဆို တစ်ဦးတစ် ယောက်သောသူအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်မှ အပသို့ဖြစ်စေ၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ဖြစ်စေခိုးယူလျှင် (၇)နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်း ကောင်း၊ ပုဒ်မ ၃၆၆ တွင် မိန်းကလေးက အလိုမတူဘဲ ထိုမိန်းမကို တစ်ဦးတစ်ယောက်သောသူနှင့် ထိမ်းမြားပေးစားခြင်းငှာ အတင်းအဓမ္မပြုရန်အကြံနှင့် သော်လည်း ကောင်း၊ ထိုသို့ အတင်းအဓမ္မပြုခြင်းခံရမည်ဖြစ်တန်ရာ သည်ကိုသိလျက်နှင့်သော်လည်းကောင်း အနိုင်အထက် ပြုခြင်းဖြင့် ဖြစ်စေ၊ ကာမသွေးဆောင်အကျင့်ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ၊ မတရားသဖြင့် ကာမစပ်ယှက်စေရန် သော်လည်း ကောင်း၊ ထိုသို့ အနိုင်အထက်ပြုခြင်း (သို့မဟုတ်) ကာမသွေးဆောင် အကျင့်ဖျက်ဆီးခြင်းခံရမည်ဖြစ်တန်ရာ သည်ကိုသိလျက်နှင့်သော်လည်းကောင်း၊ မည်သူမဆို မိန်းမတစ်ဦးတစ်ယောက်အားခိုးယူလျှင်(သို့မဟုတ်) သွေးဆောင် ဆွဲခေါ်လျှင် ထိုသူကို (၁၀)နှစ် အထိ ထောင်ဒဏ်တစ်မျိုး မျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း။
ငွေဒဏ်လည်း ချမှတ်နိုင်
အသက် (၁၈)နှစ်အောက် မိန်းကလေးက အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ အုပ်ထိန်းသူက သဘော မတူလျှင် ပြစ်မှုမြောက်ကြောင်း၊ မိန်းကလေးသည် မည်သည့် အသက်အရွယ်ဖြစ်စေအုပ်ထိန်းသူကသဘောတူ လျှင်ပင် ကာယကံရှင်မိန်းကလေးက သဘောမတူလျှင် ပြစ်မှုမြောက်ကြောင်း၊ မိန်းကလေးက အလိုမတူဘဲ အတင်းအဓမ္မခေါ်ဆောင်ခြင်းသည် ဤပုဒ်မ၏အဓိက အင်္ဂါရပ်ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၆၆ (က)တွင် အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ ကာမသွေးဆောင် အကျင့် ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ၊ (၁၈)နှစ်အောက် မိန်းကလေး တစ်ယောက်ကို အခြားသူ တစ်ဦးတစ်ယောက်နှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန် အကြံဖြင့်သော် လည်းကောင်း၊ ထိုသို့ အနိုင်အထက်ပြုခြင်း (သို့မဟုတ်) ကာမသွေးဆောင်ခြင်းခံရမည်ဖြစ်တန်ရာသည်ကို သိလျက် နှင့် သော်လည်းကောင်း ထိုမိန်းကလေးအားတစ်နေရာရာမှ ထွက်သွားစေရန် (သို့မဟုတ်) ပြုလုပ်မှုတစ်ခုခုကိုပြုစေရန် မည်သူမဆို တစ်နည်းနည်းဖြင့် ထိုမိန်းကလေးကို သွေးဆောင်လျှင် ထိုသူကို (၁၀)နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၇၂၏ ရှင်းလင်းချက်များတွင် မည်သူမဆို အသက် (၁၈)နှစ်အောက် မိန်းမတစ်ဦးကို ပြည့်တန်ဆာ တစ်ဦး တစ်ယောက်သို့ဖြစ်စေ၊ ပြည့်တန်ဆာအိမ်ထားရှိသူ (သို့မဟုတ်) စီမံကြီးကြပ်သူသို့ဖြစ်စေ ရောင်းလျှင် (သို့မဟုတ်) အခကြေးငွေအတွက် ထုတ်လျှင် (သို့မဟုတ်) အခြားနည်းလက်လွှဲပြောင်းလျှင် ထိုသူကို ထိုသို့မပြုကြောင်း သက်သေထင်ရှားမရှိသမျှ ထိုမိန်းမအား ပြည့်တန်ဆာကိစ္စအလို့ငှာ အသုံးပြုရန် အကြံဖြင့် လက်လွှဲ ပြောင်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ မတရားသဖြင့် ကာမစပ်ယှက်ခြင်းဆိုသည်မှာ တရားဝင် ထိမ်းမြားခြင်းဖြင့် သော်လည်းကောင်း၊ တရားဝင်ထိမ်းမြားခြင်းပင် မမြောက်သော်လည်း သက်ဆိုင်ရာသူတို့၏ မျိုးရိုး၊ ဘာသာ၊ ဥပဒေအရဖြစ်စေ၊ ဓလေ့ထုံးစံအရဖြစ်စေ သက်ဆိုင်သူတို့သည် လူမျိုးစုကွဲများဖြစ်လျှင် ထိုလူမျိုးစုနှစ်စုတို့၏မျိုးရိုး ဘာသာ ဥပဒေအရဖြစ်စေးဓလေ့ထုံးစံအရဖြစ်စေ ထိမ်းမြားခြင်းမြောက်ဘိသကဲ့သို့ အသိအမှတ်ပြုသော စုံဖက်ခြင်းဖြင့် (သို့မဟုတ်) နှောင်ဖွဲ့ခြင်းဖြင့်သော် လည်းကောင်း၊ ပေါင်းဖက်ခြင်း မဟုတ် သော ကာမစပ်ယှက်ခြင်းကို ဆိုလိုကြောင်းပါရှိပြီး ပုဒ်မ ၃၇၂ အား ကျူးလွန်ပါက ကျူးလွန်သူကို (၁၀)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ဤပုဒ်မ၏ အဓိကရည်ရွယ်ချက်မှာ အရွယ်မရောက်သေး သော မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် ရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေတွင် အမျိုးသမီးများအပေါ် ကျူးလွန်သည့် လက်ရောက်မှုနှင့် အနိုင်အထက် ပြုခြင်းများ မုဒိမ်းမှုပြုခြင်းများ ဓမ္မတာနှင့် ဆန့်ကျင်သော အမှုများ၊ ကာမလိမ်လည်ရယူမှုများ၊ ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှုများမယားခိုးမှုများမိန်းမတို့၏ကာယိနြေကိုစော်ကားရန် ရည်ရွယ်သောစကား ကိုယ်အမူအရာ ပြုလုပ်မှုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ၊ ပြစ်မှုကျူးလွန်သည့် လင်ကို မယားက လက်သင့်ခံထားခြင်းသည် ပြစ်မှုမမြောက်ခြင်းများ စသည့်ဥပဒေ ပြဋ္ဌာန်းချက်များဖြင့်လည်း ကာကွယ်စောင့်ရှောက်ပေးလျက် ရှိပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၂ တွင် အမျိုးသမီး၏ ကိုယ်ပေါ်တွင် ရှာဖွေရန် လိုအပ်လျှင် အခြားအမျိုးသမီး တစ်ဦးအား တာဝန်ပေးပြီး ရှာခိုင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ရှာဖွေရာတွင် အမျိုးသမီး၏ ကာယိန္ဒြေကို ကျပ်တည်း စွာ စောင့်စည်းရမည်ဟု လည်းကောင်း ပုဒ်မ ၃၈၂ တွင် သေဒဏ် စီရင်ခြင်းခံရသည့် မိန်းမတစ်ဦးတစ်ယောက်မှာ ကိုယ်ဝန်ဆောင်မိန်းမဖြစ်ကြောင်း သိရလျှင် တရားလွှတ်တော်သည် ၎င်းသေဒဏ်စီရင်ချက် အတည်ပြုလုပ်ခြင်း ကို ရွှေ့ဆိုင်းထားရန် အမိန့်ချမှတ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် သင့်သည် ထင်မြင်ပါက ၎င်းသေဒဏ်ကို တစ်သက်တစ်ကျွန်း ဒဏ်အဖြစ်လျှော့ပေါ့ပြောင်းလဲနိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၄၈၈(၁)တွင် ယောက်ျားသည် မိမိ၏ဇနီး (သို့မဟုတ်) ကိုယ်တိုင်ရှာဖွေစားသောက်နိုင်ခြင်းမရှိသော သားသမီးတို့အပေါ် ထောက်ပံ့နိုင်သည့် အခြေအနေရှိပါလျက် ထောက်ပံ့ရန်ငြင်းဆန်ကြောင်း (သို့မဟုတ်) လျစ်လျူရှုထားကြောင်း ထင်ရှားလျှင် ရာဇဝတ်တရားသူကြီးသည် ၎င်းယောက်ျားအား ကျပ် ၅၀၀၀၀ ထက်မပိုသော လစဉ်ထောက်ပံ့ ကြေးကို မယား(သို့မဟုတ်) သားသမီးသို့ ထောက်ပံ့ပေးအပ်စေရန် အမိန့်ချမှတ်နိုင်ကြောင်း။
ပုဒ်မ ၄၉၇ (၁)တွင် အာမခံမပေးနိုင်သော ပြစ်မှုမျိုးဖြင့် စွပ်စွဲခြင်းခံရသည့် မည်သည့်အမျိုးသမီးကို မဆိုအာမခံဖြင့် လွှတ်ထားရန် တရားရုံးက ညွှန်ကြားနိုင် သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည့်အပြင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၃၂ (၁)တွင် အချို့သော အမျိုးသမီးများသည် မိမိတို့၏ ဓလေ့ထုံးတမ်းအိမ်တွင်း ပုန်းနေထိုင်လေ့ရှိပြီး မျက်နှာကိုဖုံးအုပ်၍ လူမြင်မခံဘဲ နေထိုင်လေ့ရှိရာ ထိုအမျိုးသမီးများအား ဤပုဒ်မအရ တရားရုံးသို့ ကိုယ်တိုင် လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပေးပြီး ကော်မရှင်နှင့် စစ်ဆေးနိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
ရှေးမြန်မာခေတ်တကောင်း၌ ဘတ္တာနုဝတီ၊ သရေ ခေတ္တရာ (ပြည်)၌မာလာစန္ဒီ၊ ဗိဿနိုး၌ပန်ထွာမင်းသမီး၊ ဒလ၌ သုဝဏ္ဏဒေဝီ၊ ကေတုမတီ(တောင်ငူ)၌ စောစလာ၊ ဟံသာဝတီ(ပဲခူး)၌ ရှင်စောပု စသည့် အမျိုးသမီးများမှာ ဘုရင်မများအဖြစ် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့ကြဖူးပါ သည်။ ပုဂံခေတ်တွင် မိဖုရားဖွားစောသည် ပုဂံထီးနန်း ကိုထိန်းသိမ်းခဲ့သူဖြစ်ပါသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မိဖုရားဆင်ဖြူမရှင်သည် သီပေါမင်းကို နန်းတင်ပေးခဲ့သူ ဖြစ်ပါသည်။
အမျိုးသမီးသူရဲကောင်းများ
နယ်ချဲ့တော်လှန်ရေးစစ်ပွဲများထဲမှ ဝက်ထီးကန် တိုက်ပွဲတွင် ရှမ်းအမျိုးသမီးများက စစ်ဝတ်တန်ဆာများ ဝတ်ဆင် လျက် မြင်းများစီးကာ စစ်သည်များအား အားပေးစကား လိုက်လံပြောကြားခဲ့မှုကို အင်္ဂလိပ် သမိုင်းစာရေးဆရာ Major Snodgrassက မှတ်တမ်း တင်ရေးဖွဲ့ထားခဲ့ပါသည်။ ပုဂံဗိုလ်၏ တပ်တွင် ၎င်း၏ဇနီးနှင့် အမျိုးသမီး စစ်သည်များ၊ ချင်းပြည်နယ် ရှယ်လန်းခံတပ်၌ ဖြစ်ပွားသော ဗြိတိသျှနှင့် တိုက်ပွဲတွင် ချင်းအမျိုးသမီးများ၊ ရွှေဓားဗိုလ်၏တပ်တွင် ပင်းခင်ခင်နှင့် အမျိုးသမီးသူရဲကောင်းများပါဝင်ကြလျက် နိုင်ငံနှင့် လူမျိုးကို ကာကွယ် ခဲ့ကြပါသည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်တွင်လည်း အမျိုးသမီးများ ရှေ့တန်းမှ ဦးဆောင်ပါဝင်၍ သပိတ်မှောက်ခဲ့ကြပါသည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် သံတမန်အဖြစ် မိမိနိုင်ငံအတွက် တာဝန်ထမ်းရွက်နိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပြည်ထောင်စုလွှတ်တော် တွင်လည်း မြန်မာအမျိုးသမီး များ ဦးရေများစွာ ပါဝင်ထမ်းရွက်လျက်လည်း ရှိနေပါသည်။
လင်ကိုဘုရား၊ သားကိုသခင် ဟူသော စကားပုံမှာ အိမ်ထောင်ရှင်အမျိုးသမီးများအနေဖြင့် လင်နှင့် သားကို ထိုက်သင့်သည့် လေးစားယုံကြည်မှု ပြုစေရန်သာဖြစ်ပြီး လုံးဝအားကိုးရန် မဟုတ်ပါ။ မိမိ၏ ကိုယ်ပိုင် အစွမ်းအစ ကို အားကိုးယုံကြည်ခြင်းဖြင့် မိမိကိုယ်သာ ကိုးကွယ်ရာဆိုသလို ဖြစ်စေပါမည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဟု ဆိုသလို လင်နှင့်မယား ဒိုးတူပေါင်ဖက် ကြိုးစားကြရပေမည်။ The hand that rocks the cradle rules the world ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုးသည် ” ဟူသည့်အလား၊ Men make houses, women make homes ယောကျ်ားများသည် အိမ်ရာများတည်ဆောက်ကြသလိုမိန်းမများသည် အိမ်မှုကိစ္စများ (စီမံခန့်ခွဲမှု) လုပ်ကြသည် ” ဟူသော နိုင်ငံခြားစကားပုံပါအတိုင်း မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်ရှိမှုကို ကမ္ဘာ သိအောင် ထုတ်ဖော်ပြသ ပေးကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။


