ရန်ကုန် ၁၀ မတ်
မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ International Business Center ၌ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ တည်ထောင်သူ ဥက္ကဌဒေါက်တာ လှအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ ရည်ရွယ် ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ဖောင်ဒေးရှင်း အနေဖြင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာတွင် ရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်းအပြင် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကိုပါ ရည်မှန်းချက်များ ချမှတ်ထားရှိကာ အလေးထား ထည့်သွင်း ဆောင်ရွက်နေသည်ဖြစ်၍ ဝန်ကြီးဌာနအတွက် များစွာ အထောက်အကူပြုပါကြောင်း၊ ရောဂါဖြစ်ပွားပြီးမှ ကုသခြင်းဆောင်ရွက်ပါက ရောဂါဖြစ်ပွားမှု တစ်စထက်တစ်စ ပိုမိုဆိုးဝါးလာကာ ကျောက်ကပ်သွေးသန့်စင်မှု ပြုလုပ်ရသည့် အဆင့်အထိ ရောက်နိုင်ပါကြောင်း၊ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုသည် ကြိုတင်ကာကွယ်၍ ရပါကြောင်း၊ အငန်လျော့စားသုံးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိခြင်း၊ သွေးပေါင်ချိန် ထိန်းညှိခြင်း၊ သွေးတွင်းသကြား ဓာတ်ထိန်းညှိခြင်း၊ စပ်ဆေးများအသုံးပြုမှု ရှောင်ကြဉ်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းစသည်တို့ဖြင့် ကျောက်ကပ်ရောဂါများ အပါအဝင် အခြား ရောဂါများကိုပါ ကာကွယ်နိုင်သည်ကို ပြည်သူများပိုမိုသိရှိနိုင်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ကျောက်ကပ်ရောဂါဖြစ်ပွားပါက နေထိုင်မှုအရည်အသွေးများစွာ ကျဆင်းခြင်း၊ စနစ်တကျကုသမှုမခံယူပါက ရောဂါပိုမိုဆိုးဝါးကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင် သည်ဖြစ်၍ ရောဂါမဖြစ်ပွားမီကြိုတင် ကာကွယ်မှုများပြုမူဆောင်ရွက်ရန်မှာ အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းနှင့် မြန်မာနိုင် ငံပုဂ္ဂလိက ဆရာဝန်များ အဖွဲ့တို့ အပါအဝင် ဆက်စပ် အသင်းအဖွဲ့များနှင့်လည်း လက်တွဲပူး ပေါင်းကာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ ဥက္ကဌဒေါက်တာလှအောင်က ဆေးပစ္စည်းကိရိယာနှင့် ရန်ပုံငွေများလှူဒါန်းခဲ့သည့် အလှူရှင်များအားကျေးဇူးတင် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီး ဒုတိယဥက္ကဌဒေါက်တာဝင်းနိုင် ကျေးဇူးတင်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အသစ်ပြန်လည် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းမှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ ဥက္ကဌပါမောက္ခ ဒေါ်ရင်မြ၊ ဒုတိယဥက္ကဌ (၁) ပါမောက္ခဒေါ်သိန်းသိန်းကြည်၊ ဒုတိယဥက္ကဌ (၂) ဒေါ်ခင်မာကြည်နှင့် အဖွဲ့က လုပ်ငန်းပိုင်းဆိုင်ရာများနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေး မှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှတို့က ဆွေးနွေးမှာကြားကြသည်။
(သတင်းစဉ်)


