နေပြည်တော် ၁၈ မတ်
၂၀၁၉ ခုနှစ် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ စုစုပေါင်း ၉၀၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ရောင်းချရာ ကျောက်စိမ်းအတွဲ ၉၀၉ တွဲကို ယူရိုငွေ ၄၆ ဒသမ ၇၃၅ သန်း ဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။
ပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြား ရေးမှူးတို့က ရတနာပြပွဲ သို့ အကြိမ်၂၀ နှင့်အထက်ဆက်တိုက်တက်ရောက်ခဲ့သော ရတနာကုန် သည်များ အားဂုဏ် ပြု မှတ်တမ်းများပေးအပ်သည်။
ထို့အတူ ယမန်နေ့က ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၁၂၀ဝ အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၁၀၅၀ တွဲကို ယူရိုငွေ ၄၆ ဒသမ ၅၀၅ သန်း၊ ကျောက်စိမ်းအတွဲ အမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၈၅၈ တွဲကို ယူရိုငွေ ၇၈ ဒသမ ၈၂၅ သန်း၊ ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၇၈၃ တွဲကို ယူရိုငွေ ၁၀၁ ဒသမ ၄၇၂ သန်းဖြင့်ရောင်းချခဲ့ပြီး ယနေ့အထိ ကျောက်စိမ်းအတွဲ စုစုပေါင်း ၃၆၀ဝ တွဲကို ရောင်းချရမှုမှ ယူရိုငွေ ၂၇၃ ဒသမ ၅၃၇ သန်းရရှိကြောင်းသိရသည်။ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ မတ် ၂၀ အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၉ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိ၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိ ခင်းကျင်းပြသရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ပြည်ပရတနာကုန်သည်စုစုပေါင်း ၂၉၁၂ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၁၆၄၉ ဦး စုစုပေါင်းရတနာကုန်သည ၄၅၆၁ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြားတက်ရောက်ကြသည်။
သတင်း- မွှေးကြူဇင် ဓာတ်ပုံ- ကျော်ရဲဆွေ


