နေပြည်တော်  ၁၇  မတ် 

 

၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၇၈၃ တွဲကို ယူရိုငွေ ၁၀၁ ဒသမ ၄၇၂ သန်းဖြင့် ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

 

DSC_5

 

ထို့အတူ ယမန်နေ့က ကျောက်စိမ်းအတွဲ အမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၈၅၈ တွဲကို ယူရိုငွေ ၇၈ ဒသမ ၈၂၅သန်းဖြင့် ရောင်းချနိုင်ခဲ့သဖြင့် ယနေ့အထိ ကျောက်စိမ်းအတွဲစုစုပေါင်း ၂၆၉၁ တွဲကို  ရောင်းချရမှုမှ   ယူရိုငွေ  ၂၂၆ ဒသမ ၈၀၂ သန်း ရရှိကြောင်း သိရသည်။

 

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး  မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိလည်းကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိ လည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေတို့နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသ ထားသော ကျောက်စိမ်းပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ 

 

ကျောက်မျက်ရတနာပြပွဲသို့  ပြည်ပရတနာကုန်သည် စုစုပေါင်း ၂၉၁၂ ဦးနှင့် ပြည်တွင်း ရတနာကုန်သည် ၁၆၄၉ ဦး စုစုပေါင်း ရတနာကုန်သည် ၄၅၆၁ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 

သတင်း- အေးအေးသန့်

 

ဓာတ်ပုံ- ထိန်နန်နော်

 

DSC_56