နေပြည်တော် ၁၃ မတ်
၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲစုစုပေါင်း ၂၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ပုလဲအတွဲပေါင်း ၉၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ပုလဲ အတွဲ ၉၁ တွဲကို ယူရိုငွေ ၄၈၉၆၃၁ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း၊ ထိုသို့ ရောင်းချရာတွင် နိုင်ငံတော်ပိုင် ပုလဲအတွဲ ၆၆ တွဲ တင်ပြခဲ့ရာ ပုလဲအတွဲ ၆၆ တွဲ ကို ယူရိုငွေ ၃၅၅၇၃၉ ဖြင့်လည်းကောင်း၊ ကုမ္ပဏီပိုင် ပုလဲအတွဲ ၂၆ တွဲ တင်ပြခဲ့ရာ ပုလဲအတွဲ ၂၅ တွဲကို ယူရိုငွေ ၁၃၃၈၉၂ ဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့က ပုလဲအတွဲပေါင်း ၁၈၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ပုလဲအတွဲ ၁၇၈ တွဲကို ယူရိုငွေ ၁ ဒသမ ဝ၂၉ သန်းဖြင့် ရောင်းချ နိုင်ခဲ့ကြောင်း၊ ရောင်းချရာတွင် နိုင်ငံတော်ပိုင် ပုလဲအတွဲ ၁၃၂ တွဲ တင်ပြခဲ့ရာ ပုလဲအတွဲ ၁၃၂ တွဲကို ယူရိုငွေ ၇၁၉၇၉၄ ဖြင့်လည်းကောင်း၊ ကုမ္ပဏီပိုင် ပုလဲအတွဲ ၅၀ တွဲ တင်ပြခဲ့ရာ ၄၆ တွဲကို ယူရိုငွေ ၃၀၉၄၂၂ ဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့သဖြင့် ယနေ့အထိ ပုလဲအတွဲစုစုပေါင်း ၂၇၄ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် တင်ပြခဲ့ရာ ပုလဲအတွဲ ၂၆၉ တွဲကို ယူရိုငွေ ၁၅၁၈၈၄၇ ဖြင့် ရောင်းချနိုင်ခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချပေးလျက်ရှိသည့် တောင်ပင်လယ် ပုလဲသည် ကမ္ဘာ့ပုလဲဈေးကွက်တွင် အရှားပါးဆုံးနှင့် တန်ဖိုးအရှိဆုံးဖြစ်ပြီး ရွှေရောင်နှင့် ငွေရောင်ရှိသည့်အနက် မြန်မာနိုင်ငံက ထွက်ရှိသည့် ရွှေရောင်ပုလဲသည် အရည် အသွေးကောင်းရုံသာမက ရေရှည်ခိုင်မာသည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် လူကြိုက် များကြောင်း သိရသည်။
(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် ကျောက်မျက်အတွဲ ၅၀ဝ ကိုလည်းကောင်း၊ မတ် ၁၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀ဝ အထိလည်းကောင်း၊ မတ် ၁၆ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိလည်းကောင်း၊ မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိလည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိလည်းကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိလည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ ပြည်ပရတနာကုန်သည်စုစုပေါင်း ၂၈၅၉ ဦးနှင့် ပြည်တွင်းရတနာကုန် သည် ၁၅၃၁ ဦး စုစုပေါင်းရတနာကုန်သည် ၄၄၂၂ ဦး တက်ရောက်ရန် မှတ်ပုံတင် ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက် ကြသည်။
သတင်း- မော်စီ၊ ဓာတ်ပုံ- အေးသန်း


