ရန်ကုန် စက်တင်ဘာ ၁၄
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ခြေစစ်ပွဲ အုပ်စုသုံးပွဲ ထပ်မံကစားရမည်ဖြစ်သည်။ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် ရလဒ်ကောင်းနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အတွက် အောက်တိုဘာတွင်ကစားရမည့် ဆီးရီးယားအသင်းနှင့် နှစ်ကျော့မှာ အရေးပါလျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ အုပ်စုခြောက်ပွဲအနက် နှစ်ပွဲ ကစားထားပြီးဖြစ်သောကြောင့် ကျန်လေးပွဲကို ယခုနှစ်တွင် သုံးပွဲ၊ ၂၀၂၆ ခုနှစ်တွင် တစ်ပွဲကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အာရှဖလားခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၉ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ကာ နောက်ဆုံးပွဲကိုမူ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက် တွင် ပါကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကစားပြီးသည့်နှစ်ပွဲစလုံး အနိုင်ရထားပြီး အာဖဂန်နစ္စတန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-တစ်ဂိုး၊ ပါကစ္စတန်အသင်းကို အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားခြင်းဖြစ်သည်။ မြန်မာအသင်းပါ၀င်သည့် အုပ်စု (E) တွင် ဆီးရီးယားအသင်းနှင့် မြန်မာအသင်းက ခြောက်မှတ်စီရထားပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းမှာမူ အမှတ်မရသေးပေ။
မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ခြေစစ်ပွဲကစားရန်မရှိသဖြင့် စင်ကာပူလက်ရွေးစင်အသင်းနှင့် စက်တင်ဘာ ၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ကွင်းပိတ် ခြေစမ်းပွဲကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့သည်။
သော်လေး


