နေပြည်တော် ၁၁ အောက်တိုဘာ
အမျိုးသမီးတစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် တစ်သက်ကျခံစေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်နေ မဝင်းလဲ့လဲ့ခိုင်(ခ)မခိုင်နှင့် ရှမ်းပြည်နယ် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်နေ မဖြိုးဝေတို့သည် ဧပြီ ၂၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်နေ မ----( ၂၇ နှစ် )အား တရုတ်အမျိုးသားနှင့် လက်ထပ် ပါက ကျပ်သိန်း ၃၀ ရမည်၊ မိဘများအားထောက်ပံ့နိုင်မည်ဟု ပြောဆို စည်းရုံးပြီး လားရှိုး၊ မူဆယ်၊ ကျယ်ဂေါင်လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံ သို့ ခေါ်ဆောင်သွားကာ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၂၆၆/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ယခင်ပြစ်ချက်ဟောင်း ပူးတွဲလျက် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ မဝင်းလဲ့လဲ့ခိုင် (ခ)မခိုင်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၁ အရ အလုပ်နှင့်ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံအား တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


