နေပြည်တော် ၁၀ အောက်တိုဘာ
အမျိုးသမီးတစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် တစ်သက်ကျခံစေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ မဝင်းလဲ့လဲ့ခိုင် (ခ) မခိုင် နှင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက်နေ မဖြိုးဝေ တို့သည် ဧပြီ-၂၁ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်နေ မxxx ၊ ၂၇ နှစ် အား တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ကျပ်သိန်း (၃၀)ရမည်၊ မိဘများအား ထောက်ပံ့နိုင်မည်ဟု ပြောဆိုစည်းရုံးပြီး လားရှိုး၊ မူဆယ်၊ ကျယ်ဂေါင် လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံသို့ခေါ်ဆောင် သွားကာ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၂၆၆/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ယခင်ပြစ်ချက်ဟောင်း ပူးတွဲလျက် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ မဝင်းလဲ့လဲ့ခိုင် (ခ)မခိုင် အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၁ အရ အလုပ်နှင့် ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံအား တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


