နေပြည်တော် အောက်တိုဘာ ၂၆

 

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပြောကြား

ဦးစွာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေအစီအစဉ်တွင် ယခင်က PFI ဘဏ်များအဖြစ် နိုင်ငံပိုင်ဘဏ် များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဆောင်ရွက်ခဲ့ရာ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာ ပိုမို ထုတ်ချေးနိုင်ရေးအတွက် PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ်များမှ ပါဝင်ဆောင်ရွက်ရေး၊ လက်ရှိအများဆုံး ထုတ်ချေးနိုင်သည့် ချေးငွေပမာဏသတ်မှတ်ချက် ငွေကျပ်သိန်း ၃၀၀၀ အစား ငွေကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ထုတ်ချေးရေး၊ ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်အကြီးများ စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းများအတွက် ချေးငွေပမာဏ ငွေကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးရေး၊ အာမခံ လုံလောက်စွာပေးနိုင်ခြင်း မရှိသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ချေးငွေအာမခံစနစ် (CGI) ဖြင့် ချေးငွေရယူနိုင်စေရေးတို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကာလတွင် PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ်များ ပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို ပိုမိုကျယ်ပြန့်စွာ တိုးတက်ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဦးဆောင် ညွှန်ကြားရေးမှူးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေများ ပိုမိုကျယ်ပြန့်စွာ ထုတ်ချေးနိုင်ရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ထုတ်ပြန် နိုင်ရေး ဆောင်ရွက်ပြီးစီးမှု၊ ချေးငွေများထုတ်ချေးပြီးစီးမှု၊ အချိန်စေ့ငွေများကို ပြန်လည်ကောက်ခံ ရရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်း အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်