နေပြည်တော် ဒီဇင်ဘာ ၃

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရန် ရည်မှန်းချက် (၆)ရပ်၊ ကာလရှည် (၁၅)နှစ် စီမံကိန်းကို ကာလတို (၅)နှစ် စီမံကိန်းသုံးကြိမ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒုတိယ(၅)နှစ်တာ ကာလရောက်ရှိနေပြီဖြစ်ကြောင်း၊ နှစ်စဉ် ဇွန် ၁၂ ရက်တွင် ကျရောက်သည့်ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြေစိုက်ပိုစတာနှင့် Billboard စိုက်ထူခြင်း၊ အသိပညာပေး ဆွေးနွေးခြင်း၊ Talk Show ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

 

လုပ်ငန်းကော်မတီအလိုက် အညွှန်းကိန်းရလဒ်များရရှိအောင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကော်မတီအလိုက် ပါဝင်ဖွဲ့စည်းထားသည့် အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ (၈)ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ အမျိုးသားကော်မတီမှ ဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြရန်နှင့် အမျိုးသားကော်မတီ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူမည့်ကိစ္စရပ်များကို အလေးထား ဆွေးနွေးတင်ပြရန် မှာကြားသည်။

 

ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်