နေပြည်တော် အောက်တိုဘာ ၂၉

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ အောက်တိုဘာ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် လက်တွေ့အသုံးချ ညီလာခံသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

 

ညီလာခံကို ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပါအဝင် ကမ္ဘာ့နိုင်ငံနှင့် အဖွဲ့အစည်း(၆၀)ကျော်မှ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ညီလာခံဖွင့်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Mr. Vladimir Putin က ပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရုံး အကြီးအကဲက ဖတ်ကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ Mr. Vyacheslav Volodin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့၏ ကိုယ်စားကြိုဆို နှုတ်ဆက်စကားများကို သက်ဆိုင်ရာ ဌာနအကြီးအကဲများ တက်ရောက် ပြောကြားကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Prof. Tatiana Moskalkova က အဖွင့် အမှာစကားပြောကြားသည်။

 

ဆွေးနွေးပြောကြား

ညီလာခံတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးများ ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် လူ့အခွင့်အရေးများ မြှင့်တင်ကာကွယ် စောင့်ရှောက်ပေးနိုင်သည့် Learning Management System ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကော်မရှင် Mobile Application ဆောင်ရွက်ထားရှိ ခြင်း၊ နိုင်ငံသားများ အွန်လိုင်းမှ တိုင်တန်းချက်များပေးပို့နိုင်ရန်နှင့် သတင်းအချက်အလက်များရရှိနိုင်ရန် ရည်ရွယ်၍ ကော်မရှင် ဝက်ဘ်ဆိုက်တည်ထောင်ထားရှိခြင်း၊ အခွင့်အရေးအခြေပြု ဒစ်ဂျစ်တယ်စနစ် ဖြစ်စေရန်အတွက် ကော်မရှင်တွင် e-Government ဌာန ဖွဲ့စည်းထားရှိခြင်းတို့ကို ဆောင်ရွက်ထားပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဒစ်ဂျစ်တယ် ဖြစ်ပေါ်တိုးတက်မှုနှင့်အတူ လူ့အခွင့်အရေးများအပေါ် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ထိုစိန်ခေါ်မှုများကို တစ်နိုင်ငံတည်းက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ အနာဂတ် ဒစ်ဂျစ်တယ်ခေတ်တွင် လွတ်လပ်မှု၊ ညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာတို့ကို အလေးထားသည့် လူ့အခွင့်အရေး အခြေပြု ဒစ်ဂျစ်တယ် အနာဂတ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်း ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Prof. Tatiana Moskalkova နှင့် သီးသန့်တွေ့ဆုံပြီး အဖွဲ့အစည်း နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများကို ဆွေးနွေးကြသည်။

 

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့အကြား လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါခရီးစဉ်အတွင်း ကော်မရှင်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရုံးချုပ်သို့ သွားရောက်ကာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။

 

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ် အဖွဲ့များနှင့်လည်း သီးခြားစီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

ညီလာခံအပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌသည် လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ယမန်နေ့က ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်