ရန်ကုန် ၉ မတ်
မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ (၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခင်မြင့်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MIFFA)သည် ပို့ဆောင်ရေးနယ်ပယ်တွင်ရှိသည့် ဌာနများနှင့် နီးနီးကပ်ကပ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဘက်စုံပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးကို တတ်စွမ်းသည့်ဘက်က ဆောင်ရွက်ပေးနေခြင်းသည် အလွန်အရေးကြီးသည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများ ကုန်တင်/ ကုန်ပို့လုပ်ဆောင်နေသူများ အနေဖြင့်လည်း ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်များကို ရှာဖွေတီထွင်ကြံဆပြီး လုပ်ဆောင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုများကိုလည်း ကဏ္ဍအသစ်အတွေးအခေါ်သစ် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် MIFFA အသင်း၏ (၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအား ကူညီပံ့ပိုးခဲ့ကြသည့် ဌာနများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် ၂၀၁၅ - ၂၀၁၆ - ၂၀၁၇ ခုနှစ်ချုပ် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးမှူး ဒေါ်ရင်မေဝင်းက အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား အထွေထွေအတွင်းရေးမှူး ဒေါ်လှလှရီက ရှင်းလင်းတင်ပြပြီး ၂၀၁၅ - ၂၀၁၈ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့ နုတ်ထွက်ကြောင်းနှင့် ၂၀၁၉ - ၂၀၂၁ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင် အဖွဲ့သစ်အား ခန့်အပ်ကြောင်းတို့ကို တာဝန်ရှိသူက ကြေညာ၍ အသင်း၏ဥက္ကဋ္ဌအသစ် ဒေါက်တာ ဒေါ်အေးအေးက ကျေးဇူးတင်နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


