မန္တလေး ၁၂ မတ် 


မြန်မာနိုင်ငံဟာ နိုင်ငံတစ်နိုင်ငံတည်းကို မှီခိုနေလို့မရပါဘူးဟု  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယနေ့ကျင်းပ ပြုလုပ်သည့် အမေရိကန်စီးပွားရေးကော်နာ ဖွင့်ပွဲတွင် ပြောခဲ့သည်။ 


ပထမဆုံး အမေရိကန်စီးပွားရေးကော်နာဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။


"မြန်မာဟာ အိမ်နီးချင်းပီသအောင် နေတတ်သလို၊ အဝေးဆုံးနေရာမှာရှိနေတဲ့ သူတွေနဲ့ ပတ်သက်ရင်လည်း ထူထောင်တက်ပါတယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့တတွေ နိုင်ငံတစ်နိုင်ငံတည်းကို မမှီခိုချင်ပါဘူး နိုင်ငံပေါင်း မြောက်မြားစွာကို မှီခိုရမှာပါ'' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။


မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကိုပဲ ကြည့်နေလို့မရကြောင်း၊ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး ကြည့်နိုင်မှသာ မြန်မာနိုင်ငံ၏ဖွံဖြိုးမှု၊ ဒီမိုကရေစီ ရှင်သန်မှုများ ခိုင်မြဲမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ 


ပထမဆုံး အမေရိကန်စီးပွားရေးကော်နာဖွင့်ပွဲသို့ အမေရိကန်သံအမတ်ကြီး မာစီရယ် တက်ရောက်ခဲ့သည်။ အမေရိကန်သံအမတ်ကြီး မာစီရယ်နှင့် သံရုံးမှ တာဝန်ရှိသူများသည် အမေရိကန်-အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက် မြန်မာနိုင်ငံ၏ အရေးပါပုံ၊ ကျောင်းသားများဗီဇာလျှောက်ထားခြင်း၊ အမေရိကန်သံရုံးမှ ဝန်ထမ်းခေါ်ယူခြင်းများနှင့်ပတ်သက်ပြီး မန္တလေးဂျက်ဖာဆန်စင်တာတွင် ဟောပြောဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်