ရန်ကုန် အောက်တိုဘာ ၃၀

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ မဟာဗျူဟာ(၂၀၂၆-၂၀၃၀) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Inya lake Hotel ၌ ပြုလုပ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ပိုမိုထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့အစည်း ဖြစ်လာစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှု၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုတို့သည် အရေးကြီးပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်အတွက် ရည်မှန်းချက်မှာ ယုံကြည်အားထားရသော၊ တာဝန်ယူမှုရှိသော၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်နိုင်သော၊ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းရှိသော၊ ရပ်ရွာလူထုကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားစေရန် တည်ဆောက်ပေးသော အဖွဲ့အစည်းဖြစ်လာစေရန် ရည်မှန်းထားပါကြောင်း၊ တက်ရောက်လာသူများ၏ အကြံဉာဏ်များ၊ အတွေ့အကြုံများနှင့် စိတ်ကူးစိတ်သန်းများသည် ရပ်ရွာလူထု၏ လိုအပ်ချက်နှင့် ကြက်ခြေနီလှုပ်ရှားမှု၏ တန်ဖိုးများကို အမှန်တကယ် ထင်ဟပ်စေမည့် မဟာဗျူဟာကို ရေးဆွဲရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

တက်ရောက်

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေး၊ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်