ရန်ကုန် ၁၈ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ၌ ပထမဆုံးသော ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး သိပ္ပံဘွဲကြိုသင်တန်းကို ရန်ကုန် တက္ကသိုလ် ၌ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ ရန်ကုန် တက္ကသိုလ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဌာနတွင် ကျင်းပခဲ့သည်။

 

0710

 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်၊ ဥရောပ သမဂ္ဂကိုယ်စား ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအကြီးအကဲ Dr. Johann Hesse နှင့်တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြသည်။ 

 

0713

 

ထို့နောက် (MYSAP) စီမံကိန်းမှ တာဝန်ရှိသူများက ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်အား စီမံကိန်းနှင့်ပတ်သက်သည့် လက်ဆောင်ကားချပ်များကို ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍  ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဌာနတွင် ပထမနှစ်တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများက ကျောင်းတွင်းပြဇာတ်ဖြင့် ဖျော်ဖြေခဲ့ကြသည်။ 

 

ရန်ကုန်တက္ကသိုလ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အသစ်ထပ်မံဖွင့်လှစ်သည့် ငါးလုပ်ငန်းနှင့်ရေသတ္တဝါ မွေးမြူရေးသိပ္ပံဘွဲ့ကြိုသင်တန်းအား ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီနိုင်ငံတို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MYSAP)မှ ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် ရေသတ္တဝါမွေးမြူရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ခေတ်မီနည်းပညာဗဟုသုတများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 

 

“ကျွန်မတို့ဟာ သဘာဝကနေ ဖမ်းယူစားသုံးခြင်းကနေပြီးတော့ ပညာနဲ့မွေးမြူစားသုံးနိုင်တဲ့အခြေအနေကို ပြောင်းလဲချင်တဲ့အတွက် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်မှာ စတင်ဖွင့်လှစ်ရခြင်းဖြစ်ပါ တယ်” ဟု ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် ပါမောက္ခ ဒေါက်တာကေလွင် ထွန်းက ပြောကြားသည်။ 

 

လက်ရှိတွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးသိပ္ပံဘွဲကြိုသင်တန်းတွင် ကျောင်းသားကျောင်းသူ ၄၁ ဦး တက်ရောက်လျက်ရှိပြီး အခြေခံငါးရောဂါဗေဒ၊ ငါးအစာအဟာရဆိုင်ရာ၊ အဆင့်မြင့်ငါးမွေးမြူနည်းပညာ၊ ရေအရည်အသွေးထိန်းသိမ်းသည့်ပညာစသည့် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်များကို ဆရာ/ဆရာမ ၁၈ ဦး တို့က သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း 

ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးကျောင်းသားကျောင်းသူများက ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်နေစဉ်။