မန္တလေး ၁၂ မတ်
မန္တလေးမြို့တွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) မှ သိရသည်။
အဆိုပါပွဲကို မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် သဘင် သက်ကြီး ဘိုးဘွား ၇၃၇ ဦးကို ကန်တော့သွားမည် ဖြစ်သည်။
"အချို့သဘင် ဘိုးဘွားတွေက သားသမီးတွေ၊ မိသားစုတွေရဲ့ စောင့်ရှောက်မှုကိုရကြပေမယ့် တချို့ကျတော့လည်း တပည့်တပန်းမရှိ၊ သားသမီးကလည်း မစောင့်ရှောက်၊ ခြွရေံသင်းပင်းကလည်း နည်းတော့ အခက်အခဲလေးတွေ ရှိကြတယ်။ ဒါကြောင့် တတ်နိုင်တဲ့ဘက်ကနေ သဘင်အစည်းအရုံးက ပြုလုပ်ပေးတာပါ" ဟု အတွင်းရေးမှုး ဦးနေဝင်းက ပြောသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲကို ကျင်းပပြုလုပ်ရန်အတွက် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လွန်ခဲ့သည့် လေးလခန့်မှ စတင်ကာ စာရင်းကောက်ခံခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးမှ သဘင်အနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် ဘိုးဘွား(၇၃၇)ဦးကို ဂါဝရပြုပူဇော် ကန်တော့တွင် တစ်ဦးလျှင် အနည်းဆုံး ကျပ်ငွေတစ်သိန်းနှင့် ဂါဝရပြုပစ္စည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲ ပထမအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘိုးဘွား (၆၈၀) ကျော် ဂါဝရ ကန်တော့ခံခဲ့ကြောင်း သိရသည်။
သူရိန်လင်း


