မော်လမြိုင် အောက်တိုဘာ ၂၂

 

၂ဝ၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်းများကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် သိရှိနားလည်ပြီး မျက်စိကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ အမြင်အာရုံ ချို့ယွင်းမှုမရှိစေရေးအတွက် ငယ်စဉ်ကစ၍ မျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အားလုံးပူးပေါင်းပါဝင်၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ကြည့်ရှုအားပေး

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မျက်စိ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဌာနတွင် မျက်စိခွဲစိတ်မည့် ဝေဒနာရှင်များနှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးနေမှုအပေါ် လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲနှင့် ဆက်ကပ် လှူဒါန်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် ကိုယ်စားပြု ရာမည ရက်ကန်းစင်တော်အသင်းကို တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မသိုးရွှေကြာ သင်္ကန်း ရက်လုပ်ပူဇော်ခြင်း ပြိုင်ပွဲတွင် အသင်းသားများအားလုံးက တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်ကာ  ပထမဆုဖလားရရှိအောင် အကောင်းဆုံး စွမ်းဆောင်ကြိုးပမ်း ပေးကြစေလိုကြောင်း ပြောကြားပြီး သွားရောက်ယှဉ်ပြိုင်မည့် အသင်းအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)