မော်လမြိုင် ၁၇ မတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မတ် ၁၆ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းလမ်းရှိ တော်ကူးကျောင်းတိုက် မနောရမ္မဗိမာန်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ရပ်ကွက်နေပြည်သူများ၏ လိုအပ်ချက်များကို သိရှိလို၍ ယခုလို ရင်းရင်းနှီးနှီး လာရောက်ပြီး တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံခြင်းဖြင့် ဒေသအတွင်းပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပြည်သူများပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များအား ယခုလိုတွေ့ဆုံပွဲများတွင် ရဲရဲဝံ့ဝံ့ ပြောဆိုတင်ပြသွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီခေတ်ဆိုသည်မှာ အစိုးရမှ ပြည်သူလူထုအား ခိုင်းရမည်မဟုတ်ဘဲ ပြည်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစိုးရအဖွဲ့ကိုသာ ခိုင်းစေရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသက်တမ်း (၃)နှစ်တာကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်များအား အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးချုပ်ဆိုပြီး ရုံးခန်းအတွင်း ထိုင်နေ၍မရဘဲ ဒေသအတွင်းပြည်သူများ၏ လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင်လည်း ရပ်ကွက်နေပြည်သူများမှ လိုအပ်လျက်ရှိသော အခက်အခဲများအား တင်ပြဆွေးနွေးသွားကြရန် လိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်များပေါ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

တင်ထွဋ်(မော်လမြိုင်)