မင်းဘူး ၁၀ မတ် 

 

မင်းဘူး မန်းရွှေစက်တော် ဘုရားဖူးကာလအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးလာပြည်သူက လှူဒါန်းမှုပြုကြရာတွင် ပွဲတော်ဖွင့်လှစ်သည့် ဖေဖော်ဝါရီ ၉ ရက်မှစ၍ မတ် ၈ ရက်အထိ တစ်လတာကာလအတွင်း ကျပ်သိန်းပေါင်း ၂၇၅၆၂၆၄၅၀ ရှိနေပြီဖြစ်ကြောင်းနှင့် အလှူရှင်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် နေ့စဉ်ထုတ်ပြန် ကြေညာပေးနေကြောင်း မန်းရွှေစက်တော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

 

2220

 

အဆိုပါ အလှူငွေများမှာ ဗဟိုအလှူခံဌာန၊ အောက်စက်တော်ရာ၊ အထက်စက်တော်ရာနှင့် ကိုးခန်းကြီး အလှူခံဌာန(၄)ခုမှ ရရှိငွေစာရင်းများဖြစ်သည်။

 

"ဖွင့်ပွဲနေ့ကစပြီး ညစဉ် ၈ နာရီမှာ ငွေသိမ်းပါတယ်။ ဘဏ္ဍာရေးအဖွဲ့နဲ့ ရုံးဝန်ထမ်းတွေ စုပေါင်းပြီး ငွေရေတွက် စစ်ဆေးပါတယ်။ ည ၁၁ နာရီဝန်းကျင်မှာ ပြီးပါတယ်။ အလှူခံရငွေတွေကို ဘဏ္ဍာတော် ထိန်းသိမ်းတဲ့ ငွေတိုက်မှာ သိမ်းပါတယ်။ ၇ ရက်တစ်ကြိမ်၊ ၈ ရက်တစ်ကြိမ်လောက် မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်ထားတဲ့ ငွေစာရင်းထဲကို ထည့်ပါတယ်" ဟု ဘဏ္ဍာရေးမှူး ဦးအောင်ကြည်က အတည်ပြုပြောကြားသည်။ 

 

မင်းဘူးမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ စေတိယသန္တကအလှူငွေ (မန်းရွှေစက်တော် ဘုရားကြီးအား ရည်စူးလှူဒါန်းသည့်ငွေ) အား ငွေစာရင်းအမှတ် SP 008812 ၊ နဝကမ္မဘက်စုံအလှူငွေအား SP 006560 ၊ နဝကမ္မစာရင်းရှင် မန်းရွှေစက်တော်ဘုရား ရန်ပုံငွေအား SP 000296 တို့ဖြင့် စာရင်းဖွင့် အပ်နှံထားရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

စာရင်းဖွင့်အပ်နှံငွေများနှင့် စာရင်းပိတ်လက်ကျန်ငွေ စာရင်းများအရ ခေတ်အဆက်ဆက်မှစ၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ငွေမှာ ၆၇၂၇၀၂၂၁၇၂ ဒသမ ၈၈ ကျပ် လက်ကျန်ရှိနေကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးမှူးထံမှ သိရှိရသည်။ 

 

ဇေယျတု(မကွေး)