မန္တလေး ၁၄ မတ်


မန္တလေး မဟာမုနိဘုရားတွင် ကပ်လှူသော ရွှေဆိုင်း ဈေးနှုန်းများကို မတ်လ ၁၁ ရက်နေ့မှစတင် တိုးမြှင့်ရောင်းချထားကြောင်း ဂေါပကအဖွဲ့ဝင်ထံက သိရသည်။

 

1


ဘုရားတွင် ကပ်လှူပူဇော်ရန် လက်ရှိရွှေငါးရွက်ပါ ရွှေဆိုင်းတစ်ဆိုင်းလျှင် ကျပ် ၂,ဝ၀ဝ ခန့် ဈေးနှုန်းဖြင့် ရောင်းချပြီး မတ်လ ၁၁ ရက်က စတင်ကာ ရွှေဆိုင်းတစ်ဆိုင်းလျှင် ကျပ် ၂,၅၀ဝ ဖြင့် ရောင်းချနေကြောင်း သိရသည်။


"ရွှေဈေးတွေ တက်ပေမယ့် ရောင်းအားကတော့ မကျသွားပါဘူး။ အရင်က ဘုရားဖူးတွေ သက်သာအောင်လို့ မတက်တာတာပါ။ ခု ပုဂံတို့၊ ရွှေစက်တော်တို့၊ အင်းလေးတို့ဆိုရင် မဟာမုနိဘုရားက ရွှေဆိုင်းတွေထက် ရွှေပါဝင်မှု နည်းတယ်။ ဒါတောင် တစ်ရွက်ငါးရာနဲ့ ရောင်းနေကြတာ" ဟု ဂေါပကအဖွဲ့ဝင်  ဦးသန်းလွင်က ပြောသည်။


မဟာမုနိဘုရားတွင် ရွှေသင်္ကန်းကပ်လှူရန် နေ့စဉ်ရွက်ရေ ၁၀ဝ ပါ ရွှေဆိုင်း ၂၀ဝ ကျော် ရောင်းချနေသည်။ အဆိုပါ ရွှေဆိုင်းများကို ဂေါပကအဖွဲ့မှ တစ်နှစ်လျှင် တင်ဒါ ငါးကြိမ်ခေါ်ပြီး မန္တလေးမျက်ပါးရပ်ရှိ ရွှေဆိုင်း တစ်သိန်းခန့် ဝယ်ယူကြောင်း သိရသည်။


မဟာမုနိဘုရားနှင့် ဘုရား၏ ပြာသာဒ်တော်တွင် ရွှေသင်္ကန်း ကပ်လှူရာ၌ အသုံးပြုသော စွန့်ပစ်အမှိုက်များဖြင့် ဂေါပကအဖွဲ့က ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းများလည်း နှစ်စဉ်ဆောင်ရွက်သည်။


ထိုသို့ပြာသာဒ်တော်ကြီး ရွှေသင်္ကန်းကပ်ရာမှ စွန့်ပစ်ပစ္စည်းများ၊ ဘုရားတွင် ကပ်လှူရာ၌ စွန့်ပစ် ရွှေလောင်စက္ကူများ၊ ရွှေသင်္ကန်းများ လန်နေလျှင် အသုံးပြု သော ဖိဂွမ်း၊ သစ်ဆေးလုံးနှင့် လက်သုတ်ပဝါများ၊ အောက်အခင်းကော်ဇောများ၊ ဘုရားပလ္လင်အောက်ရှိ မြေမှုန့်များကို တစ်နှစ်ခန့်စုဆောင်း၍ ယခင်နှစ်ဧပြီက ရွှေပြန် ထုတ်ယူရာ ရွှေချိန် ၁၆ ပိဿာ ကျော် ရရှိခဲ့သည်။


သူရိန်လင်း