မန္တလေး ၁၃ မတ်
မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို) တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသားများ ယခင်နှစ်များကဲ့သို့ အောင်မြင်မှုရနိုင်မည်ဟု ယုံကြည်ကြောင်း အဆိုပါအကျဉ်းထောင် တာဝန်ခံ ဦးချိုဝင်းထွန်းကပြောသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်မှာ စာမေးပွဲဖြေဆိုသည့် အကျဉ်းသား ၇၁ ဦးရှိကြောင်း သိရသည်။
"ဒီနှစ်လည်း မနှစ်ကလိုပဲ အောင်မြင်မှုတွေ ရနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်မိတယ်။ အဖြေကတော့ နောက် နှစ်လ၊ သုံးလကြာရင် သိမှာပါပဲ''ဟု မန္တလေး ဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။
၂၀၁၈ ခုနှစ်တွင် မန္တလေးဗဟိုအကျဉ်းထောင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၅၅ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၇ ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် လေးဦး အထိရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အကျဉ်းသား ၂၇ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း၊ လျှော့ရက်ပေးခြင်းများကို နိုင်ငံတော်က ဆောင်ရွက်ခဲ့သည်။
" တစ်နှစ်လွတ်ဖို့ပဲ ကျန်တဲ့ ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်။ ၂ ဘာသာအထက် ဂုဏ်ထူးရတဲ့ကလေးတွေ ပြစ်ဒဏ်လည်းကျန်သေးတဲ့ ကျောင်းသားတွေကို ပြစ်ဒဏ်ရဲ့ နှစ်ပုံတစ်ပုံလျော့ရက်ပေးတယ်။ ရိုးရိုးအောင် တစ်ဘာသာ ဂုဏ်ထူးထွက်တဲ့ကလေးတွေ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျော့ရက်ပေးတယ်။ ဒီနှစ်လည်း ကြိုးစားတဲ့ကလေးတွေကို အသိမှတ်ပြုမယ်လို့ ယူဆပါတယ်''ဟု မန္တလေး ဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဗဟိုအကျဉ်းထောင်များတွင် စာမေးပွဲဖြေဆိုသည့် အကျဉ်းသား ၁၇၁ ဦးရှိသည်။
အိမို့မို့ခိုင်


