မန္တလေး ၁၄ မတ်
မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ်က ပါဝင်သွားသော လယ်မြေဧရိယာ ၁၃ ဧက ကျော် အတွက် မူလ တောင်သူများသို့ လျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကို မတ် ၁၃ ရက်က မန္တလေးဗဟိုအကျဉ်းထောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ်က တောင်သူသုံးဦးထံမှ မြေဧက ၁၃ ဒသမ ၂ ဧက အတွက် လျော်ကြေးငွေ တစ်ဧကကို ကျပ်သိန်း ၃၀ဝ ကျပ်နှုန်း မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်းသိရသည်။
‘သိမ်းဆည်းမြေများနှင့်ပတ်သက်ပြီး တောင်သူများမှ တင်ပြတောင်းဆိုလာသော ဆုံးရှုံးနစ်နာမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရာမှာ ကြန့်ကြာမှုများမဖြစ်ပေါ်စေရေးအတွက် ဥပဒေနဲ့အညီ အမြန်ဆုံး စိစစ်တင်ပြရန်၊ အမှန်တကယ်ဆုံးရှုံးနစ်နာမှုများရှိကြောင်း စစ်ဆေးတွေ့ရှိပါက တောင်သူများလက်ဝယ်သို့ စွန့်လွှတ်လယ်ယာ မြေများနှင့် ထိုက်တန်သော ဆုံးရှုံးနစ်နာမှုများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများအားကြီးကြပ်လမ်းညွှန် ဆောင်ရွက်လျက်ရှိပါတယ်’ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ တွင်ထည့်သွင်း ပြောကြားခဲ့သည်။
မန္တလေးဗဟိုအကျဉ်းထောင်ကို ၁၉၉၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် အောင်ပင်လယ် ဓာတ်အားခွဲရုံ (တိုးချဲ့) စီမံကိန်းဆောင်ရွက်ရာတွင် သီးနှံများပျက်စီးဆုံးရှုံးမှုအတွက် သီးနှံလျော်ကြေးပေးအပ်ခြင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ဧရာဝတီတံတား(ရတနာပုံ) စီမံကိန်းတွင် ပါဝင်သွာသော တောင်သူ သုံးဦး၏ လယ်ယာမြေ ဧရိယာ ၂ ဒသမ ၂၄ ဧက အား ပြန်လည်စွန့်လွှတ်ခြင်း ကျင်းပခဲ့ကြောင်းသိရသည်။
အိမို့မို့ခိုင်


