မန္တလေး ၁၄ မတ်      


မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးများမှ  မြေအသုံးချရေး တာဝန်ခံဝန်ထမ်းများ သီးနှံများစိုက်ပျိုးရာတွင် အဟန့်အတား ဖြစ်စေသည့် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုဖြစ်စဉ်များ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန်၊ မြေဆီလွှာဖွံ့ဖြိုးမှုဆိုင်ရာနည်းလမ်းများ ကောင်းစွာသိရှိနားလည်ပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မြေဆီလွှာပြုပြင်ခြင်း နည်းပညာပေး သင်တန်းကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးမြေအသုံးရေးဌာနခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 


သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးဝေ က တောင်သူများ သီးနှံဝင်ငွေ တိုးပွားရရှိစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြေဆီလွှာပြုပြင်ခြင်းနည်းပညာပေးသင်တန်းအား ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် မြေဆီလွှာပြုပြင်ခြင်းဆိုင်ရာနည်းစနစ်များကို စနစ်တကျ လေ့လာသင်ယူ သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ဆက်လက်၍ တိုင်းဒေသကြီးမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်သန္တာဝင်း ဦးဆောင်၍ သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသားများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာ၌ အဟန့်အတားဖြစ်စေနိုင်သော မြေဆီလွှာ အမျိုးအစား ခွဲခြားနည်းစနစ်များ၊ မြေဆီလွှာပျက်စီးဆုံးရှုံးမှုအား ဆားဆပ်ပြာပေါက်မြေဖြင့် ပြုပြင်ခြင်းနည်းလမ်းများ၊ အချဉ်ဓာတ် လွန်ကဲနေသောမြေအမျိုးအစား ပြုပြင်ခြင်းနည်းစနစ်များကို ကဏ္ဍအလိုက် ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး သင်ကြားပို့ချပေးခဲ့သည်။ 


ယင်းနောက် တက်ရောက်လာသည့် သင်တန်းသားများက သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော မြေအမျိုးအစားခွဲခြား နည်းနှင့် မြေဆီလွှာ ကောင်းမွန်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးမြေအသုံးချရေးတာဝန်ခံက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။


အဆိုပါ သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုနှင့် မြို့နယ် ၂၄ မြို့နယ်မှ မြေအသုံးချရေး တာဝန်ခံ(ဝန်ထမ်း) သင်တန်းသား၊ သင်တန်းသူ ၅၀ တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)