မန္တလေး ၁၈ မတ်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် လုပ်ငန်းလိုင်စင်များကို Online မှ ဆောင်ရွက်ပေးနိုင်သော်လည်း Hacking ပြဿနာရှိနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လုပ်ငန်းလိုင်စင်များကို Online မှ ဆောင်ရွက်ပေးနိုင်ရန် ကော်မတီအနေဖြင့် Software ရှိသော်လည်း Software များကို ဖြတ်တောက်ကူးယူခြင်းကဲ့သို့ Hacking ပြဿနာအခက်အခဲများရှိပြီး ယင်းပြဿနာ အခက်အခဲများကို ဖြေရှင်းရန် ဆာဗာနှင့် လူအင်အား ဖြည့်တင်းခြင်းများ လိုအပ်သဖြင့် အများပြည်သူ လက်ထဲထည့်မပေးခြင်းဖြစ်ကြောင်း သိရသည်။
" Software က လုပ်ထားပြီးသား Business လိုင်စင် Online Registration Software လုပ်ငန်းလိုင်စင်ဆော့ဖ်ဝဲ လုပ်ထားတာရှိတယ်။ Hack တာတွေရှိလို့ Public ထဲကို မထည့်သေးတာပါ။ အခုတော့ ဝန်ထမ်းတွေပဲ သုံးနေတယ်။ အင်တာနက်ပေါ် မတင်သေးပါဘူး "မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။
လက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ယာဉ်ကြောကျပ်တည်းမှုစောင့်ကြည့်သည့် Network များကို ကိုယ်ပိုင် Fiber ဖြင့် အသုံးပြုထားပြီး မန္တလေးမြို့ကို Smart City အဖြစ် ဖော်ဆောင်ရန်အတွက် နည်းပညာအကူအညီများဖြင့် လုပ်ဆောင်ရာတွင် Hacking ပြဿနာသည် အခက်အခဲတစ်ခုဖြစ်နေကြောင်း သိရသည်။
သူရိန်လင်း


