မန္တလေး  ၁၈  ဖေဖော်ဝါရီ

 

တပို့တွဲလပြည့် နံနက်ပိုင်းတွင် ဗုဒ္ဓမြတ်ဘုရားအား ထူးထူးခြားခြားပူဇော်သည့် မီးပုံထင်းရောင်းချသူများ ဝယ်ယူသူများပြားခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း မီးပုံးထင်းရောင်းချသူများထံမှ သိရသည်။

 

ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှား ရှိစဉ်ကာကက တပို့တွဲလပြည့် နံနက်မိုးသောက်ချိန်တွင် ရာသီဥတုအေးချမ်းလွန်းသဖြင့် လက်တော်ခြေတော်များ မီးကင်ခဲ့ရသည်ဟူသော အယူအမှတ်ဖြင့် နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် ထင်းမီးဖြင့် ပူဇော်ပသကြခြင်း ဖြစ်သည်။

 

“ဘုရားကို မီးပုံထင်းနဲ့ပူဇော်တဲ့ ဓလေ့ဟာ နေရာဒေသတိုင်းမှာ ရှိမနေပါဘူး၊ ကျွန်မတို့ မန္တလေးနဲ့ အနီးဝန်းကျင်မှာတော့ အိမ်တိုင်းနီးပါး ဆောင်ရွက်ကြတာ တွေ့ရပါတယ်၊ မီးပုံထင်းပူဇော်မှုကို ကိုယ့်အိမ်မှာဘဲ ပူဇော်သူတွေရှိသလို တန်ခိုးကြီးဘုရားတွေမှာ စုပေါင်းပါဝင်တဲ့ ပွဲတွေမှာလည်း သွားရောက် ဆောင်ရွက်ကြပါတယ်၊ မန္တလေးတစ်ဝိုက်မှာတော့ မီးပုံထင်းပူဇော်မှုဟာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ” ဟု မန္တလေးမြို့ နန်းတော်ရှေ့ဈေးတွင် မီးပုံထင်းရောင်းချသူတစ်ဦးက ပြောသည်။

 

မီးပုံထင်းမှာ မြေစလောင်းတွင် သနပ်ခါး အစရှိသည့် ရနံ့သင်းသော အသားများ၊ နေ့နံအလိုက် စိတ်ပုတီးအဖြစ် ဆောင်ရွက်ထားသော အသားစများ၊ အမွှေးတိုင်များ အစရှိသည့်ဖြင့် ထည့်သွင်းရောင်းချကြခြင်း ဖြစ်သည်။ စလောင်းအရွယ်အစားနှင့် ပူဇော်ရန် ထည့်သွင်းထားသည့် ပစ္စည်းအနည်းအများပေါ် မူတည်၍ ငွေကျပ် ငါးရာမှ တစ်ထောင်ကျပ်အတွင်း ရောင်းချကြကြောင်း သိရသည်။

 

 “မြန်မာနိုင်ငံအလယ်ပိုင်းမှာ တပို့တွဲလပြည့်နီးလာရင် သစ်ပင်တွေမှာ ရွက်သစ်ရွက်ဟောင်းလဲကြပြီး ရာသီဥတု ပူလာပေမယ့် ပို့တွဲလပြည့်မှာ ပြန်အေးလာတာကို သတိထားမိပါတယ်။ အဲဒီလိုကာလမှာ မီးပုံထင်းနဲ့ ထမနဲဆွမ်းကပ်လှူရတာကို ကာလဒါနအနေနဲ့ နှစ်စဉ်ကပ်လှူပူဇော်ဖြစ်ပါတယ်” ဟု မီးပုံထင်း ရောင်းချသူတစ်ဦးက ဆက်လက်ပြောကြားသည်။

 

အေးမြ(မန္တလေး)