မန္တလေး ၁၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် ဟိုတယ်အိပ်ရာခင်း ပြင်ဆင်ခြင်းနှင့် အလှ ဆင်ပြိုင်ပွဲ (Bed-Making and Decoration Competition) ကို မန္တလေးမြို့ရှိ မန္တလေးမြို့တော်ခန်းမ(၁)တွင် မတ်လ ၉ ရက်နေ့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို ဟိုတယ်ဝန်ဆောင်မှု စွမ်းရည်မြင့်မားတိုးတက်စေရန်နှင့် အိပ်ခန်းဆောင်ပြင်ဆင်ထိန်းသိမ်းသူ များ၏ ကျွမ်းကျင်မှုကို ဖော်ထုတ်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး မန္တလေးမြို့တော်အတွင်း ဖွင့်လှစ်ထား သည့် ဟိုတယ်များမှ အိပ်ခန်းထိန်းသိမ်းရေး (House Keeping) ဝန်ထမ်းများမှ တစ်သင်းလျှင် နှစ်ဦးနှုန်းဖြင့် အ သင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားကြောင်း ၎င်းပြိုင်ပွဲနှင့် ပတ်သက်သော အမှတ်ပေး စည်းမျဉ်းပုံစံများ ရှင်းလင်းပွဲတွင် ဟိုတယ်အိပ်ရာခင်းပြင်ဆင်ခြင်းနှင့် အလှဆင်ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌ ဦးမျိုး ဌေးဦးက ပြောသည်။
“ပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုပြီးများစေဖို့နဲ့ အိပ်ခန်းပြင်ဆင်ရေးမှာ ဧည့်သည်ရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ ရည် ရွယ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အသင်း ၂၄ သင်းက ကိုယ်ပိုင်တီထွင်မှုတွေ ပေါင်းစပ်ပြီးတော့ အိပ်ရာခင်းပြင်ဆင်ခြင်းနဲ့ အလှဆင်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမယ်။ အသင်း ၂၄ သင်းထဲကနေ နောက်ဆုံး ဆန်ခါတင် ၆ သင်းရွေးချယ်ပြီး အဲ့ဒီ ၆ သင်း က Final မှာ လက်ရှိမန္တလေးမြို့တော်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ Green and Clean ခေါင်းစဉ်နဲ့ ဆက်လက်ယှဉ် ပြိုင်သွားရမှာပါ။ ပြိုင်ပွဲဝင်တွေကို ပညာအရည်အချင်းနဲ့ အသက်အရွယ်ကို ကန့်သတ်ထားခြင်းမရှိပါဘူး။”ဟု ၎င်းက ပြောသည်။
အဆိုပါပြိုင်ပွဲကို Hotel Magic Mandalay မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုခိုင်လင်းအောင်က “ဟိုတယ်ဝန်ထမ်း လုပ်သက် လေးနှစ်ကျော်ရှိပြီ။ အိပ်ရာပြင်ဆင်ခြင်းတွေကို ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့လည်း လေ့ကျင့်ပြီး လုပ် ဆောင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်က တစ်ခါမှ မလုပ်ဖူးဘူး။ ဒါကြောင့် ပြန်ပြီး လေ့လာမှုတွေနဲ့အတူ တီထွင်ဖန်တီးမှုတွေလုပ်ပြီး လေ့ကျင့်ဖို့တော့လိုသေးတယ်။ ဒီပြိုင်ပွဲကနေ ကိုယ်မသိသေး တဲ့ ပညာတွေလည်း ပြိုင်ပွဲဝင်တဲ့သူတွေ အားလုံးရသွားမယ်။ ကျွန်တော်တို့ထက် တော်တဲ့ တတ်တဲ့သူတွေ အများကြီးပါလာမှာဖြစ်လို့ သူတို့ဆီက ပညာတွေရမယ်။ တကယ်လို့ ကျွန်တော်တို့ နိုင်ခဲ့မယ်ဆိုရင်လည်း ကျွန်တော် တို့ ဟိုတယ်အတွက် ဂုဏ်တက်တာပေါ့။”ဟု ပြောသည်။
ပြိုင်ပွဲတွင် အိပ်ရာခင်းပြင်ဆင်ခြင်းအတွက် အချိန် ၅ မိနစ်နှင့် အလှဆင်ခြင်းအတွက် အချိန် ၁၅ မိနစ် သတ် မှတ်ပေးထားပြီး ပြိုင်ပွဲဝင်အသင်းများအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်ကာ စကာတင် ၆ သင်းအနက် အထူးဆုတစ်သင်းကို ရွေးချယ်၍ ကျန် ၅ သင်းအား ပထမဆုမှ ပဉ္စမဆုအထိ ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်


