မန္တလေး ၁၁ မတ်


မန္တလေးမြို့တွင် နေအိမ်အဆောက်အအုံဆိုင်ရာ အချက်အလက်စာရင်း ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံက သိရသည်။


အဆိုပါ စာရင်းကောက်ယူခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်မှ စတင်ဆောက်ရွက်ခဲ့ပြီး ယခုအချိန်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ပြည် ကြီးတံခွန်၊ ချမ်းမြသာစည်မြို့နယ်တို့တွင် ကောက်ယူမှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 


"မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ကောက်ယူတာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာက အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရှိဘူးဆိုတာ ကျွန်တော် စတင်တာဝန်ထမ်းဆောင်တဲ့အခါမှာ တွေ့ရှိခဲ့တယ်။ မြေပြင်နဲ့ကွာခြားမှု ရှိနေတယ်ဆိုတာ တွေ့ရှိတဲ့အတွက် အခုလို ကောက်ယူတာဖြစ်ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။ 


စာရင်းကော်ယာမှုကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအခွန်ဌာန၊ စီမံဌာန၊ မြေယာဌာန၊ ရေသန့်ဌာန၊ အဆောက်အအုံဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကောက်ယူခြင်းဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် သုံးရက်၊ တစ်မြို့နယ်လျှင် လေးဖွဲ့၊ တစ်ဖွဲ့လျှင် ခြောက်ဦးမှ ရှစ်ဦးဖြင့် စာရင်းကောက်ယူခဲ့သည်။


လက်ရှိအချိန်တွင် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၏ စာရင်းများအရ မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် အိမ်ခွန်စည်းကြပ် ကောက်ခံရရှိသည့် အိမ်အလုံးရေ တစ်သိန်းသုံးသောင်းကျော်သာရှိပြီး စည်းကြပ်ကောက်ခံရန် အိမ်အလုံးရေ နှစ်သိန်းခြောက်သောင်းခန့် တွေ့ရှိထားကြောင်း သိရသည်။


သူရိန်လင်း