မန္တလေး ၁၈ မတ်
မန္တလေးမြို့တွင် ပန်းမျိုးစုံ စနစ်တကျရောင်းချနိုင်မည့် ပန်းဈေးတန်းအသစ် တည်ဆောက်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည်။
ယခုလက်ရှိတွင် မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ သလဲကုန်း ပန်းဈေးတန်းတွင် ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံကို ရောင်းချပေးနေသည့် ပန်းအရောင်းအဝယ်ပြုလုပ်သည့် ပန်းဈေးတန်း သီးသန့်သာဖြစ်ကြောင်း သိရသည်။
" မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်က ပန်းဈေးတန်းက ယာဉ်ကြောပိတ်ဆို့မှုက ခဏခဏဖြစ်နေတယ်။ ဒါကြောင့် ပန်းဈေးကို စနစ်တကျနဲ့ ရောင်းချနိုင်ဖို့အတွက် သန့်စင်ကုန်းကျေးရွာရှိ မြေနေရာပေါ်မှာ ဆောက်လုပ်တာပါ။ အခုမြေညှိတာတွေပြီးသွားပြီ။ ဈေးဆိုင်ခန်းတည်ဆောက်ဖို့ စတင်လုပ်ဆောင်နေပါပြီ " မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းမဘေးတွင် ရောင်းချနေရသည့် ပန်းဈေးတန်းမှာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ် ဖြစ်ပေါ်နေခြင်းကြောင့် ပုသိမ်ကြီး မြို့နယ် သန့်စင်ကုန်းကျေးရွာအနီး မြေဧရိယာနှစ်ဧကကျော် အကျယ်အဝန်းရှိသည့်နေရာတွင် ပန်းဈေးတန်း တည်ဆောက်၍ မြေညှိခြင်းလုပ်ငန်းများကို ဇန်နဝါရီလအတွင်းက လုပ်ဆောင်လျက်ရှိရာ ယခုအခါ ပြီးစီးသွားပြီဖြစ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိရောင်းချနေသည့် မန္တလေး- ပြင်ဦးလွင် လမ်းပေါ်မှ ပန်းဈေးတန်းတွင် ဈေးဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပန်းဈေးတန်း စနစ်တကျရောင်းချနိုင်မည့် နေရာသစ်သို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း ဈေးဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ပါဝင်မည့် ပန်းဈေးတန်းသစ်ကို အမြန်ဆုံးတည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


