နေပြည်တော် အောက်တိုဘာ ၂၄
အင်အားပြင်း မန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး(၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ကျင်းပ သည်။
အစည်းအဝေးသို့ ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ နေပြည်တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ချေးငွေလျှောက်ထားမှုများအပေါ် လိုအပ်ချက်များကို တင်ပြခဲ့ပြီး မူဝါဒများကို ရန်ပုံငွေလုပ်ငန်း အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကာ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ချေးငွေများ စိစစ်ရာတွင် မြန်ဆန်မှန်ကန်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် တာဝန်ရှိသူများ သတ်မှတ်ထားရှိပေးရန်တို့နှင့်စပ်လျဉ်း၍ ဗဟို ကော်မတီနှင့် လုပ်ငန်းအဖွဲ့ဝင် များက ပြန်လည်ဆွေးနွေးကြပြီး ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ (၅၃)ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ် မြောက် ASEAN Banking Confe-rence တို့ကို နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ဆွေးနွေး ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပုဂ္ဂလိကဘဏ်များမှ CEO များနှင့် မြန်မာနိုင်ငံဘဏ်များအသင်းအနေဖြင့် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် အလှည့်ကျလက်ခံကျင်းပရေး ကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


