မန္တလေး ၁၇ မတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီးအတွင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ထားသည့် အခြေအနေနှင့် မန္တလေးမြို့ကို Smart City အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ငွေများကို ပေးအပ်ရာမန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ( ၁၂,၅၆၆)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၃၇၆,၉၈၀,ဝ၀ဝ)၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၂၄၄၈၇) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်( ၇၃၄,၆၁၀,ဝ၀ဝ)၊ ပရဟတိဂေဟာ (၁၇) ခုအတွက် ထောက်ပံ့ငွေကျပ် (၂၃၆,၈၈၆,ဝ၀ဝ)၊ စေတနာညကျောင်း (၆) ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၃,၇၆၀,ဝ၀ဝ)၊ ဘိုးဘွားရိပ်သာ (၁၃)ခုအတွက် ထောက်ပံ့ငွေ ကျပ်( ၄၇,၇၀၃,ဝ၀ဝ)၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၉၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၆၃,၇၀ဝ,ဝ၀ဝ)၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပြီးသော အမျိုးသမီး(၂၀)ဦးအတွက် စုစုပေါင်းရင်းနှီးမတည်ငွေကျပ် သိန်း(၁၀ဝ)နှင့် မိခင်ဝိုင်း(၅)ဝိုင်း အတွက် ထောက်ပံ့ငွေကျပ် ( ၃,၅၂၈,၁၀ဝ)တို့ကိုထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ကလက်ခံခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့်များကိုပေးဝေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာကျပ် သိန်းတစ်သောင်းလေးထောင် ခုနှစ်ရာခုနှစ် ဆယ့်တစ်သိန်းခြောက်သောင်းခုနှစ်ထောင်တစ်ရာတိတိ ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်လူငယ်များနှင့်တွေ့ဆုံ၍ အနာဂတ်နိုင်ငံတော်အတွက် စွမ်းရည်ပြည့်ဝသောလူသားအရင်းအမြစ်များ ပေါ်ပေါက်လာစေရန် နှင့် လူငယ်များကိုလက်ဆင့်ကမ်းအမွေပေးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကိုယ်စားပြု လူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲထားသောလူငယ်ရေးရာမူဝါဒကို ရေးဆွဲပြီးဖြစ်ရာ မဟာဗျူဟာ ရေးဆွဲနိုင်ရေးနှင့် လုပ်ငန်းစဉ်များပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက် လာကြသောတိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များကအဆိုပါမူဝါဒကိုကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနိုင်ရေး၊ခရိုင်၊ မြို့နယ်အဆင့်များအထိကော်မတီများတိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ လူငယ် စင်တာဖွင့်လှစ်နိုင်ရေးလိုအပ်ချက်များနှင့် သိလိုသည့်အချက်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်တို့က ပြန်လည် ညှိနှိုင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


